ဘီဘီစီ ကမ္ဘာတလွှား အသံလွှင့် ဌာနကြီးရဲ့ အနာဂတ် အစီအစဉ်

bush house
Image caption Bush House ရဲ့ အဝင် မျက်နှာစာ

BBC World Service ကမ္ဘာတလွှား အစီအစဉ် ဟာ အသက် ၈၀ ပြည့်သွားပါပြီ။

၁၉၃၂ က စတင်ခဲ့တဲ့ BBC ကမ္ဘာတလွှား အစီအစဉ် ရဲ့ မွေးနေ့ပွဲ ကို ရုံးချုပ်ဖြစ်တဲ့ Bush House ရဲ့ အလယ် ဗဟို ရင်ပြင် ကွင်းလယ် ထဲက အဖြူရောင် ရွက်ဖျင်တဲကြီး ထဲကနေ မြန်မာ ဌာန အပါအဝင် ဘီဘီစီ အသံလွှင့် ဌာန ၁၇ ခု က တိုက်ရိုက် အသံလွှင့် ခဲ့ကြ ပါတယ်။

BBC ကမ္ဘာတလွှားအစီအစဉ် ရဲ့ ပထမဦးဆုံး အသံလွှင့် အစီအစဉ်က Bush House ကနေ အစပြု ခဲ့တာမဟုတ်ပေမယ့် Bush House ဟာ နောက်ပိုင်းမှာ BBC ကမ္ဘာတလွှားအစီအစဉ် ရဲ့ ရုံးချုပ် ဖြစ်ပါတယ်။

အဲဒါကြောင့် Bush House လို့ပြောရင် BBC ကမ္ဘာတလွှား အစီအစဉ် ပဲ လို့ လူတွေက သိကြ ပါတယ်။

မကြာမှီက လုပ်ခဲ့တဲ့ စစ်တမ်းအရ ဗြိတိန်နိုင်ငံသား ၇၅% က BBC World Service ကမ္ဘာတလွှားအစီအစဉ် ကို ဗြိတိန်နိုင်ငံ ကို ကိုယ်စားပြုတဲ့ သံအမတ်ကြီးတဦး သဖွယ် ဂုဏ်ယူစွာ နဲ့ လက်ခံ ပြောဆို နေကြ ပါတယ်။

သူတို့ လက်ခံသလိုပဲ BBC ကမ္ဘာတလွှားအစီအစဉ် ကလဲ ဘာသာစကား မျိုးစုံ နဲ့ ထုတ်လွှင့် ခဲ့သလို အမြဲတမ်း ထိန်းထားတဲ့ ဂုဏ်ပုဒ် တခုကတော့ ဘက်လိုက်မှု မရှိပဲ တိတိ ကျကျ သတင်း ထုတ်လွှင့်နိုင်မှု ပဲ ဖြစ်ပါတယ်။

Image caption မကြာခင် ပြောင်းရွှေ့ကြတော့မယ့် Broadcasting House အဆောက်အဦသစ်

ဒါပေမယ့် Multi-media သတင်းခေတ်မှာ BBC World Service ကမ္ဘာတလွှား အစီအစဉ် အရင် က လို သူ့ရဲ့ ထူးခြားတဲ့ ဂုဏ်သတင်း ကို ဆက်ထိန်း နိုင်ပါ့ မလား ဆိုတဲ့ စိုးရိမ် စိတ် တွေ ရှိနေ ပါတယ် ။

BBC World Service ကမ္ဘာတလွှား အစီအစဉ် ရဲ့ ဒါရိုက်တာ Peter Horrocks က စိန်ခေါ်မှုတွေ ရှိတဲ့ အကြောင်း ပြောရာမှာ

ကျနော်တို့ စိန်ခေါ်မှုတွေ ကို ရင်ဆိုင်နေရတာ မှန်ပါတယ်၊ ကမ္ဘာ ကြီးကလဲ အလျင်အမြန် ပြောင်းလဲနေပါတယ်၊ သတင်းတွေကို လည်း တကမ္ဘာလုံးက အာရုံပိုစိုက်လာ နေပါတယ်၊ အဲဒါကြောင့် ကမ္ဘာ တလွှား အစီအစဉ် က ပိုပြီးတောင် အရေးပါလာပါတယ်၊ နောက်ပြီး တခြား အသံလွှင့် ဌာန တွေ ရဲ့ ပြိုင်ဆိုင်မှု တွေကို ရင်ဆိုင် နေရ ပါတယ် လို့ ပြောပါတယ်။

ရှေ့လာမယ့် မတ် လ က စလို့ BBC World Service ကမ္ဘာတလွှားအစီအစဉ် ဟာ Global News ဆိုတဲ့ အမည် နဲ့ ခေတ်မီ တိုးချဲ့ အဆောက်အဦးသစ်ကြီး ဆီ ပြောင်းကြ မှာပါ။

အခုလို Multi-media အဆောက်အအုံကို ပြောင်းတဲ့ အတွက် BBC ရဲ့ အခြား သတင်းဌာန တွေ နဲ့ တမိုးအောက်ထဲမှာ နီးနီးကပ်ကပ် အတူတွဲပြီး အလုပ်လုပ် နိုင်တော့မှာ ဖြစ်တယ် လို့လည်း BBC ကမ္ဘာတလွှား အသံလွှင့် ဌာန ဒါရိုက်တာ Peter Horrocks က ပြောဆို သွားပါတယ်။