ဆီးရီးယားအစိုးရတပ်တွေ ဟုမ်းစ်မြို့ကို ဝင်ရောက်ပြီ

ဓာတ်ပုံ မူပိုင် AFP
Image caption ဟုမ်းစ်မြို့ကို အမြောက်နဲ့ ပစ်ခတ်နေတာ သီတင်း လေးပတ် နီးပါး ရှိနေပြီ ဖြစ်ပါတယ်

ဆီးရီးယားနိုင်ငံ တတိယ အကြီးဆုံး မြို့ ဖြစ်တဲ့ ဟုမ်းစ်မြို့ကို အစိုးရတပ်ဖွဲ့တွေ ဟာ မြေပြင်ကနေ ထိုးစစ်ဆင်ပြီး စတင် ဝင်ရောက် နေပြီဖြစ်တယ်လို့ သတင်းတွေ ရရှိပါတယ်။

မြို့တော် ဒမားစကပ်စ်က အမည် မဖေါ်လိုတဲ့ အစိုးရ အရာရှိတဦးက မြေပြင်ထိုးစစ်တွေ စတင် နေပြီ ဖြစ်ကြောင်း အတည်ပြု ပြောကြားပါတယ်။

နောက်ပြီး အစိုးရတပ်ဖွဲ့တွေဟာ သူတို့ ဝိုင်းထားတဲ့ ရာပေါင်းများစွာသော သူပုန် တိုက်ခိုက်ရေးသမားတွေ ရှိနေတဲ့ ဘာဘာ အာမာရပ်ကွက်ကို ရှင်းလင်းမှာ ဖြစ်တယ်လို့ လည်း အဲဒီအရာရှိက ပြောပါတယ်။

အဲဒီ ဘာဘာ အာမာ ရပ်ကွက်ကို အမြောက်တွေနဲ့ ပစ်ခတ် တိုက်ခိုက်နေတာဟာ သီတင်း ၄ ပတ် နီးပါး ရှိလာနေပြီ ဖြစ်ပါတယ်။

ဟုမ်းစ်မြို့နဲ့ အဆက်အသွယ်တွေဟာလည်း အကုန်လုံးနီးပါး ပြတ်တောက် သွားပုံ ရှိနေပါ တယ်။

အစိုးရတပ်တွေဟာ မြို့ကို အမြောက်တွေ၊ မော်တာတွေ၊ တင့်ကားတွေနဲ့ ပိုမိုပစ်ခတ်မှုတွေ လုပ်နေ တယ်လို့လည်း အတိုက်အခံ တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။