တရုတ် စစ်အသုံးစရိတ် တိုးမြှင့်မယ်

တရုတ်နိုင်ငံက သူတို့ရဲ့ အခုနှစ်အတွက် စစ်သုံးစရိတ်ကို ၁၁.၂ ရာခိုင်နှုန်း တိုးမြှင့် သုံးစွဲမှာ ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

Image caption တရုတ်ဟာ ၂၀၁၂ ခုနှစ်အတွက် စစ်အသုံး စရိတ် ဒေါ်လာဘီလျံ ၁၀၀ ကျော်သုံးမယ်

အမေရိကန် ပြည်ထောင်စုရဲ့ သြဇာလွှမ်းမိုးမှုကို အာရှ ပစိဖိတ်ဒေသမှာ ပိုအားကောင်း လာအောင် လုပ်မယ်လို့ အမေရိကန် သမ္မတ အိုဘားမားက ထုတ်ဖော် ပြောကြားခဲ့ပြီး နောက်မှာ တရုတ်အနေနဲ့ ပထမဆုံး အကြိမ် အဖြစ် သူ့ရဲ့ စစ်သုံးစရိတ်ကို ထုတ်ဖော် ကြေညာလာတာ ဖြစ်ပါတယ်။

တရုတ် စစ်တပ်ဟာ သူ့ရဲ့ ကာကွယ်ရေး အစီ အစဉ်တွေနဲ့ ပတ်သက်ပြီး အလွန် လျှို့ဝှက် လေ့ရှိပါတယ်။ အခုလည်း ဆက်ပြီး လျှို့ဝှက်တုန်းဖြစ်ပါတယ်။

အခု သူတို့ရဲ့ စစ်ရေး အသုံးစရိတ်ဟာ တကယ်တော့ မနှစ်ကထက် စာရင် အများကြီး တိုးလာတာတော့ မဟုတ်ပါဘူး။ မနှစ်က ၁၀ ရာနှုန်းကနေ ဒီနှစ် ၁၁ ဒသမ ၂ ရာနှုန်းဆိုတော့ ရာနှုန်းနဲ့ ကြည့်ရင်တော့ နည်းနည်းပဲ တိုးလာတာပါ။ အမေရိကန်ရဲ့ စစ်ရေး အသုံးစရိတ်နဲ့ နှိုင်းယှဉ်မယ် ဆိုရင်လည်း အများကြီးနည်းပါသေးတယ်။

ဒါပေမဲ့ နှစ်စဉ် နည်းနည်းချင်းတိုးမြှင့် သုံးစွဲလာတဲ့ အတွက် အရေအတွက် ကိန်းဂဏန်း အနေနဲ့ ကြည့်ရင်တော့ ဒေါ်လာဘီလျံ ၁၀၀ တောင် ကျော်သွားပါပြီ။ လေ့လာသုံးသပ်သူ တွေကတော့ အခုဖော်ပြတဲ့ အသုံးစရိတ်ကိုလည်း အမှန်လို့ မယုံကြည် ကြပဲ အမှန်သုံးတဲ့ အသုံးစရိတ်ဟာ ဒိထက် အများကြီး ပိုလိမ့်ဦးမယ်လို့ ယူဆနေကြပါတယ်။

တရုတ်ဘက်ကတော့ စစ်တပ်ခေတ်မီရေး အစီအစဉ်ဟာ ငြိမ်းချမ်းရေး ရည်ရွယ်ချက် အတွက်ပါလို့ ခုခံပြောဆိုပါတယ်။ ဒါပေမဲ့ တရုတ်ဟာ အာရှမှာ တနေ့တခြား အင်အားချဲ့ထွင် ကြီးထွားလာတဲ့ အတွက်၊ တရုတ်ရဲ့ အိမ်နီးချင်းတွေဟာ တရုတ်ရဲ့ ရည်မှန်းချက်တွေ အပေါ် မှာ စိုးရိမ် သံသယဝင်မှုတွေ ရှိလာပါတယ်။

ဒီနှစ် စောစောပိုင်းမှာတော့ အမေရိကန်ဟာ တရုတ်ရဲ့ စစ်ရေးတိုးမြှင့်လာမှုကို တန်ပြန်ဖို့ ကာကွယ်ရေးဗျူဟာ အသစ် တရပ်ကို ကြေညာခဲ့ပါတယ်။ တပြိုင်တည်းမှာပဲ တရုတ် အမေရိကန် နှစ်နိုင်ငံစစ်ရေး ပူးပေါင်းဆောင်ရွက်ဖို့လည်း အမေရိကန်တို့က တောင်းဆို ခဲ့ပါတယ်။

ဒါပေမဲ့ တရုတ်ဘက်က အမြင်ကတော့ အမေရိကန်ဟာ အာရှဒေသအတွင်းမှာ အင်အား ချဲ့ထွင်လာပြီး တရုတ်ကို ဝိုင်းရံ ပိတ်ဆို့ လာတယ်လို့ ယုံကြည် ယူဆပုံ ပေါ်ပါတယ်။

အမေရိကန် ရုရှား စစ်အေး ပြီးဆုံးခဲ့ပေမဲ့ အမေရိကန် တရုတ် စစ်အေး ကာလကို ရောက်လာ တော့မှာလား ဆိုတာ စဉ်းစား တွေးတောစရာ ဖြစ်ပါတယ်။