ကွန်ဂရက် ပါတီ အူတာ ပရာဒက်ရှ် ပြည်နယ် မှာ ရှုံး

Rahul Gandhi ဓာတ်ပုံ မူပိုင် Reuters
Image caption နေရူးမျိုးဆက် ရာဟူး ဂန္ဒီ

အိန္ဒိယ နိုင်ငံ က အာဏာရ ကွန်ဂရက် ပါတီ ခေါင်းဆောင်တွေက ဒေသဆိုင်ရာ ရွေးကောက်ပွဲ တွေ အထူး သဖြင့် အူတာ ပရာဒက်ရှ် ပြည်နယ် မှာ သူတို့ ကိုယ်စားလှယ် အပြတ်အသတ် ရှုံးပြီး မဲ ရလာဒ် တွေ မကောင်းတဲ့ အတွက် စိတ်ပျက်မိကြောင်း ပြောကြပါတယ်။

လူသန်းပေါင်း ၂၀၀ ကျော် နေထိုင်နေပြီး နိုင်ငံရဲ့ မြောက်ပိုင်းမှာ ရှိတဲ့ အူတာ ပရာဒက်ရှ် ပြည်နယ် ဟာ အိန္ဒိယ နိုင်ငံ ရွေးကောက်ပွဲ အတွက် အင်မတန်ကို အရေးပါတဲ့ ပြည်နယ်တခု ဖြစ် ပါတယ်။

အဲဒီ ပြည်နယ် မှာ ပါတီရဲ့ ကိုယ်စားလှယ် လောင်း အတွက် အကြီးအကျယ် မဲဆွယ် စည်းရုံး ပေးခဲ့သူလည်းဖြစ်၊ အိန္ဒိယ ရဲ့ ဝန်ကြီးချုပ်သစ် အဖြစ် အလား အလာ ရှိသူလို့ အများ မြင်ကြတဲ့ Rahul Gandhi က ရလာဒ်တွေနဲ့ ပတ်သက်လို့ သူ့မှာ တာဝန်ရှိတယ် ဆိုတာ လက်ခံကြောင်း ပြောပါတယ်။

အခု ရလာတဲ့ ရလာဒ်က သူ့ အတွက် သင်ခန်းစာပဲ လို့လည်း မစ္စတာ ဂန္ဒီက ပြောပါတယ်။

ကွန်ဂရက် ပါတီ ဟာ အဂတိ လိုက်စားမှု အရှုပ်တော်ပုံ တွေကြောင့် အခုလို လူကြိုက်နည်း ပြီး မဲ ရလာဒ် ထိခိုက်ရတာ ဖြစ်တယ်လို့ ဝေဖန် သုံးသပ်သူ တွေက ပြောကြ ပါတယ်။

နိုင်ငံ အဝန်း ရွေးကောက်ပွဲ တွေကိုတော့ လာမယ့် ၂၀၁၄ ခုနှစ် အတွင်း ကျင်းပမှာ ဖြစ် ပါတယ်။