လစ်ဗျားထောက်လှမ်းရေး အကြီးအကဲဟောင်းကို ဖမ်းမိပြီ

ဓာတ်ပုံ မူပိုင် Reuters
Image caption မစ္စတာ ဆန်နူဆီကို လူမဆန်တဲ့ သတ်ဖြတ်မှု တွေ အတွက် ICC က အလိုရှိနေ

လစ်ဗျား ထောက်လှမ်းရေး အကြီးအကဲဟောင်း အဗ္ဗဒူလာ အဲလ် ဆန်နူဆီကို ဖမ်းဆီးမိပြီ ဖြစ်တယ် လို့ မော်ရေတေးနီးယန်း နိုင်ငံ အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။

လစ်ဗျားနိုင်ငံမှာ ပြီခဲ့တဲ့နှစ် ဖြစ်ပွားခဲ့တဲ့ လူထုအုံကြွမှုတွေအတွင်း မစ္စတာ ဆန်နူဆီဟာ လူသားတွေအပေါ် လူမဆန်တဲ့ သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ် ဆိုတဲ့ စွဲချက်တွေနဲ့ သူ့ကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ ICC က အလိုရှိ နေတာ ဖြစ်ပါတယ်။

မစ္စတာ ဆန်နူဆီဟာ မာလီ နိုင်ငံကူးလက်မှတ်အတုနဲ့ မော်ရိုကိုနိုင်ငံကနေ မော်ရေ တေးနီးယန်း မြို့တော် နွာရှာ့တ် လေဆိပ်ကို ဆိုက်ရောက်လာ ချိန်မှာ သူ့ကို ဖမ်းဆီးမိတာ ဖြစ်တယ်လို့ မော်ရေတေးနီးယန်း တရားဝင် သတင်းအေဂျင်စီ က ပြောပါတယ်။

လစ်ဗျား နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အခုလိုဖမ်းဆီးမိပြီဆိုတာကို အတည်ပြုပါတယ်။ သူ့ကို ဖမ်းဆီးမိပြီဆိုပြီး အခုလို သတင်းတွေထွက်ခဲ့တာတွေဟာ အရင်တုန်းကလည်း ရှိခဲ့ဖူး ပါတယ်။

မစ္စတာ ဆန်နူဆီဟာ သူ့ယောက်ဖဖြစ်သူ ဗိုလ်မှူးကြီး ကဒါဖီကို ဆန့်ကျင်တဲ့ ဘန်ဂါဇီမြို့ အုံကြွမှုတွေကို ဖိနှိပ်ဖို့အတွက် အရပ်သားတွေကို တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲ ခံထားရတာ ဖြစ်ပါတယ်။

နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး ICC ကနေ ပြီးခဲ့တဲ့ ဇွန်လက မစ္စတာ ဆန်နူဆီကို ဖမ်းဝရမ်း ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး အခုလည်း သူ့ကို ဖမ်းဆီးမိပြီဆိုတဲ့ အတည်ပြုချက်ကို ICC က စောင့်မျှော်နေခဲ့တာ ဖြစ်ပါတယ်။