ဆီးရီးယားနိုင်ငံ မြို့တော် ပေါက်ကွဲမှု လူ ၂၇ ဉီးသေဆုံး

ဓာတ်ပုံ မူပိုင် AFP
Image caption ဒီတိုက်ခိုက်မှုကို အကြမ်းဖက်သမားတွေ လုပ်ဆောင်တာ ဆိုပြီး အစိုးရက စွပ်စွဲထား

ဆီးရီးယားနိုင်ငံမြို့တော် ဒမားစကပ်စ်မှာ ပေါက်ကွဲမှုနှစ်ခုဖြစ်ပွားခဲ့တဲ့အတွက် လူပေါင်း ၂၇ ဉီး သေဆုံးသွားတယ်လို့ ဆီးရီးယား ကျန်းမာ ရေး ဝန်ကြီးဌာနက ကပြောပါတယ်။

ထောက်လှမ်းရေး အဆောက်အဉီးတွေရှိတဲ့ ခြံဝင်းတခုနဲ့ လုံခြုံရေးခြံဝန်းတခုကို ပစ်မှတ် ထားပြီး ကားဗုံး ၂ လုံးကို ဖေါက်ခွဲခဲ့တာ ဖြစ်နိုင်တယ်လို့ ဆီးရီးယား နိုင်ငံပိုင် ရုပ်မြင်သံကြား ကနေ ကြေညာ သွားပါတယ်။

သေဆုံးသွားသူတွေရဲ့ အပိုင်းအစတွေ၊ သွေးကွက်တွေနဲ့ ပျက်ဆီးသွားတဲ့ ယာဉ်တွေ၊ အဆောက်အဉီးတွေကို ရုပ်သံမှာ ပြသသွားပါတယ်။ အာဏာပိုင်တွေကတော့ ဒီတိုက်ခိုက်မှုကို အကြမ်းဖက်သမားတွေက လုပ်ဆောင်တာဆိုပြီးစွပ်စွဲထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး ရုပ်မြင်သံကြားကနေ ဒေသခံတွေရဲ့ အမြင်တချို့ကို မေးမြန်ရာမှာ တချို့ ကတော့ ဆော်ဒီအာရေဗျနဲ့ ကာတာနိုင်ငံတို့ကို ပြစ်တင် ပြောကြားပါတယ်။ အခု အချိန်အထိတော့ ဘယ်သူတဉီးတယောက်မှ သူတို့လုပ်တာပါဆိုပြီး ထုတ်ဖေါ် ပြောဆိုခြင်း မရှိသေးပါဘူး။

အစိုးရက သူတို့ဟာ အကြမ်းဖက်သမားတွေကို တိုက်ခိုက်နေတာပါဆိုပြီး ကြေညာပြောဆို နေမှုတွေကို ဟုတ်မှန်ကြောင်း ဖေါ်ပြနိုင်ဖို့ အတွက် အခုလို အလားတူ တိုက်ခိုက်မှုတွေကို အစိုးရ ကိုယ်တိုင်က လုပ်ဆောင်နေတာ ဖြစ်တယ်လို့ အတိုက်အခံ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။