ကမ္ဘာ့ဘဏ် ဥက္ကဌရာထူး အာဖရိက က လိုချင်

Ngozi Okonjo-Iweala ဓာတ်ပုံ မူပိုင် BBC World Service
Image caption အာဖရိကရဲ့ အလှည့်ရောက်သင့်ပြီလို့ ဆိုနေကြ။

ကမ္ဘာ့ဘဏ် ဥက္ကဌ ရာထူး နေရာ ဝင်ရောက် အရွေးခံဖို့အတွက် အာဖရိကတိုက် က ကိုယ်စားလှယ်တဦးကို နိုင်ဂျီးရီးယား၊ အင်ဂိုလာနဲ့ တောင်အာဖရိကနိုင်ငံတို့က ထောက့်ခံ ရွေးချယ်လိုက်ကြပြီဖြစ်ပါတယ်။ အဲဒီသူကတော့ နိုက်ဂျီးရီးယား ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ အမျိုးသမီး အင်ဂိုဇီအိုကွန်ဂျို အိုင်ဝေလာ ဖြစ်ပါတယ်။

မစ္စစ် အိုင်ဝေလာ က ရာထူးက ဆင်းပေးတော့မယ့် ကမ္ဘာ့ဘဏ် ဥက္ကဌ ရောဘတ် ဇယ်လစ်ခ် ရာထူး နေရာကို ရယူချင်တယ်လို့ ပြောပါတယ်။

အန်ဂိုဇီ အိုကွန်ဂျို အိုင်ဝေးလား ဟာ ကမ္ဘာ့ဘဏ်ရဲ့ ထိပ်တန်း နေရာကို တာဝန်ယူဖူး သူတယောက်ဖြစ်ပါတယ်။

နောက်ဆုံး အမည်စာရင်းတင်သွင်းရမယ့် အချိန်ဟာ တော်တော်လေးနီးနေပါပြီ။ ဝါရှင်တန် အချိန် သောကြာနေ့ ည ၈ နာရီဟာ နောက်ဆုံးဖြစ်ပါတယ်။

အခုအချိန်အထိ အမေရိကန် ဘက်က အမည်စာရင်း မတင်သွင်းသေးပါဘူး။ ဒါပေမဲ့ အိမ်ဖြူတော်ရဲ့ အကြံပေး အရာရှိဟောင်း လာရီ ဆမ်းမားစ် ရဲ့နာမည်ကိုတော့ အမေရိကန် အရာရှိတွေဖက်က ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။ ၁၉၄၄ ခုမှာ ဘရက်တန် ဝုဒ်စ် ညီလာခံကနေ ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ အိုင်အမ်အက်ဖ် တို့ကို မွေးဖွားခဲ့စဉ်ကတည်းက ကမ္ဘာ့ ဘဏ်ရဲ့ ဉက္ကဌဟာ အမေရိကန် ပြည်ထောင်စုက အမြဲတန်းဖြစ်ခဲ့ပြီး နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ရဲ့ ဉက္ကဌကတော့ ဥရောပက အမြဲနေရာယူထားခဲ့ပါတယ်။

လူဉီးရေအားဖြင့် တွက်ကြည့်ရင် အရေအတွက် နည်းပါးတဲ့ အဲဒီဒေသတွေကချည့်ပဲ ဥက္ကဌနေရာကို ယူတာဟာ လက်ဝါးကြီးအုပ်ထားတာဆိုပြီး ဝေဖန်မှုတွေ ရှိခဲ့တာက တော့ တော်တော်ကြာပါပြီ။

ပြိုင်ဆိုင်မှုတွေပြင်းထန်

ဒါပေမဲ့ ဒီတခါမှာတော့ ပြိုင်ဆိုင်မှု ပိုပြင်းထန်လာတာ တွေ့ရပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ စီးပွားရေးပညာရှင် အကြီးအကဲဖြစ်ခဲ့ဖူးသူ ဂျက်ဖရီ ဆာ့ချ်ကလည်း ဖွံ့ဖြိုးဆဲ နိုင်ငံတွေဘက်က ပုဂ္ဂိုလ်တယောက် ရွေးချယ်ရေးသဘောထားကိုထောက်ခံပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံ ငယ်လေး တချို့ဖြစ်ကြတဲ့ ဘူတန်၊ အရှေ့တီမော ၊ ဟေတီ၊ ကင်ညာ ဂွတီမာလာ၊ ချီလီတို့ကတော့ ဂျက်ဖရီဆာ့ချ်ကို အမည်စာရင်းတင်သွင်းကြပါတယ်။ ဒါပေမဲ့ ဂျက်ဖရီဆာ့ချ်ကို အမေရိကန် သမ္မတ အိုဘားမားက မထောက်ခံပါဘူး။

အန်ဂိုဇီ အိုကွန်ဂျို အိုင်ဝေးလား ကတော့ သူ့အနေနဲ့ ဒီနေရာကို ပြိုင်ဆိုင်တဲ့ နေရာမှာ ယုံကြည်မှု အပြည့်ရှိတယ်လို့ ပြောနေပါတယ်။ ဒါ့အပြင် ကမ္ဘာမှာ အလွန်အရေးကြီးတဲ့ အဖွဲ့အစည်းဖြစ်တဲ့ ကမ္ဘာ့ ဘဏ် အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေ အတွက် အလွန်အရေးပါတဲ့ ကမ္ဘာ့ဘဏ်ရဲ့ ခေါင်းဆောင်နေရာဟာ သိပ်အရေးပါတယ်။ ဒါ့ကြောင့် အခုပြိုင်ဆိုင်မှုဟာလည်း ပြင်းထန်ပါလိမ့်မယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ဘဏ်နဲ့ အိုင်အမ်အက်ဖ်လို့ ကမ္ဘာ့ အရေးတွေမှာ အရေးကြီးတဲ့ အဆုံးအဖြတ်တွေပေးနေတဲ့ အဖွဲ့ အစည်းတွေအနေ နဲ့ ဒီထက်ပိုပြီး ပွင့်လင်းမြင်သာတဲ့ ပုံစံမျိုး ဖြစ်သင့်ပြီလို့လည်း သူကပြောပါတယ်။

ဒါပေမဲ့ အမေရိကန် ရဲ့ ကိုယ်စားလှယ်ကို ဥရောပကလည်း ထောက်ခံမယ့် သဘောရှိပြီး မဲပေးပုံစနစ်ကလည်း ငွေပိုထည့်နိုင်သူနိုင်ငံက မဲပိုပေးခွင့် ရှိနေတာကြောင့် မစ္စက် အိုင်ဝေးလား အတွက် အနိုင်ရဖို့ အတွက် ဖြစ်နိုင်ချေက သိပ်တော့ မရေရာလှဘူးလို့ ဆိုနေပါတယ်။