မာလီအာဏာသိမ်း စစ်ခေါင်းဆောင် အသတ်မခံရကြောင်း ပြောကြား

ဓာတ်ပုံ မူပိုင် BBC World Service
Image caption လုယက်မှုတွေကို တကယ့်စစ်သားတွေက လုပ်တာ မဟုတ်ဘူးလို့ ဗိုလ်ကြီး ဆန်နဂိုး ပြော

မာလီနိုင်ငံ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ကြီး အာမန်ဒူ ဆန်နဂိုးက သူအသတ်ခံ လိုက်ရပြီ ဆိုတဲ့ ကောလဟာလတွေ မဟုတ် ကြောင်း ပြသဖို့ အတွက် ရုပ်မြင် သံကြားကနေ စကားပြော ကြားသွားပါတယ်။

ဆူပူ အုံကြွမှုတွေ ဖြစ်ပြီးနောက် လုယက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့တဲ့အပေါ် ဗိုလ်ကြီး ဆန်နဂိုးက ရှုတ်ချလိုက်ပါတယ်။ အခုလို လုယက် မှုတွေကို တကယ့်စစ်သားတွေက လုပ်ဆောင်တာ မဟုတ်ဘူးဆိုတာကို သက်သေ ပြနိုင်တယ်လို့ သူကပြောပါတယ်။

ဒါပေမယ့်လည်း သာမန်လူတွေကနေ စစ်ယူနီဖေါင်းဝတ်ပြီး အခုလိုလုပ်ကြတာ ဖြစ်ကြာင်း၊ အကြောင်းကတော့ အာဏာသိမ်း စစ်ခေါင်းဆောင်တွေကို လူထုက ဆန့်ကျင်လာအောင် လုပ်တာ ဖြစ်တယ်လို့ ပြာကြားသွားပါတယ်။

အခုလို ရုပ်မြင်သံကြားကနေ ပြောကြားတဲ့ အခါမှာ သူ့အနားမှာရှိတဲ့ ပြောခွင့်ရသူကလည်း စစ်တပ်ထဲမှာ အကွဲအပြဲ မရှိကြောင်း ပြောကြားသွားပါတယ်။

မြို့တော် ဘာ့မကို မှာ ဗိုလ်ကြီး ဆန်နဂိုးနဲ့ တွေ့ဆုံမေးမြန်းခဲ့တဲ့ သတင်းထောက်တဦးက ဘီဘီစီကို ပြောတာကတော့ ဗိုလ်ကြီး ဆန်နဂိုးဟာ တည်တည်ငြိမ်ငြိမ် ရှိတယ်လို့ ဆိုပါတယ်။

လုယက်မှုတွေနဲ့ ကစဉ့်ကလျားဖြစ်မှုတွေ အကြီးအကျယ် ဖြစ်ပွားခဲ့ပြီးနောက် ဒီကနေ့မှာတော့ ဘာမကို့ မြို့ ဟာ ငြိမ်သက်နေတယ်လို့ အဲဒီ သတင်းထောက်က ပြောပါတယ်။