မာလီအာဏာသိမ်းခေါင်းဆောင် နိုင်ငံတကာကို အကူအညီတောင်း

ဓာတ်ပုံ မူပိုင် BBC World Service
Image caption မာလီနယ်မြေတွေ မပြိုကွဲရေး၊ အကူအညီ လိုတယ် လို့ ဗိုလ်ကြီး ဆန်နဂိုးကပြော

မာလီ အာဏာသိမ်း ခေါင်ဆောင် ဗိုလ်ကြီး အမန်ဒူ ဆန်နဂိုးက နိုင်ငံ မြောက်ပိုင်းက တွား ရတ်ခ် သူပုန်တွေကို ခုခံတိုက်ခိုက်ဖို့အတွက် နိုင်ငံတကာကနေ အကူအညီ ပေးကြဖို့ကို တောင်းဆိုလိုက်ပါတယ်။

ဗိုလ်ကြီး ဆန်နဂိုးဟာ ပြီးခဲ့တဲ့အပတ်က စစ်တပ် ကို ပုန်ကန်ပြီး နိုင်ငံ့ အာဏာသိမ်းယူခဲ့တဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။

မာလီနိုင်ငံ နယ်မြေတွေ မပြိုကွဲရေးအတွက် သူ့စစ်တပ်ဟာ မိတ်ဆွေတွေဆီကနေ အကူအညီ အထောက်အပံ့တွေ လိုအပ်နေတယ်လို့ ဗိုလ်ကြီး ဆန်နဂိုးက ပြောပါတယ်။

တွားရတ်ခ်သူပုန်တွေဟာ မဟာဗျူဟာအရ အရေးကြီး ခီဒါးမြို့ကို သိမ်းယူ လိုက်ပြီဆိုတာကို သိခဲ့ပြီးတဲ့နောက်မှာ သူဟာ အခုလို အကူအညီတောင်းခံခဲ့တာ ဖြစ်ပါတယ်။

သူပုန်တွေက အမြောက်တွေနဲ့ အဲဒီမြို့ကို စတင်ပစ်ခတ်ခဲ့ပြီး နောက် ၂၄ နာရီအကြာမှာ အစိုးရတပ်ဖွဲ့တွေ ဆုတ်ခွာသွားခဲ့တာ ဖြစ်တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

အနောက်အာဖရိက နိုင်ငံများအဖွဲ့ ECOWAS ခေါင်းဆောင်တွေကတော့ မာလီ အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့တဲ့ ဗိုလ်ကြီး ဆန်နဂိုး ခေါင်းဆောင်တဲ့ တပ်ဖွဲ့တွေ အနေနဲ့ တနင်္လာနေ့ နောက်ဆုံးထားပြီး အရပ်သား အစိုးရကို အာဏာလွှဲပေးဖို့ သတိပေး ပြောကြားလိုက်ပါတယ်။

အဲဒီလိုမှ မလုပ်ရင် ဒဏ်ခတ်မှုတွေကို ရင်ဆိုင်ရမယ်လို့ ECOWAS က ပြောပါတယ်။

အဲဒီ ဒဏ်ခတ်ပိတ်ဆို့မယ့် အထဲမှာ မာလီနိုင်ငံရဲ့ နယ်စပ်အားလုံးကို ပိတ်ပစ်မှာ ဖြစ်ပြီး၊ အနောက်အာဖရိက ဖရန့်စ် ငွေသုံး နိုင်ငံတွေရဲ့ ဗဟိုဘဏ်မှာ ရှိတဲ့ မာလီ ဘဏ်စာရင်း အားလုံးကို ထိန်းချုပ်ထားလိုက်မှာ ဖြစ်တယ်လို့ ECOWAS က ပြောပါတယ်။

အခုပြုလုပ်မယ့် အရေးယူဆောင်ရွက်မှုတွေကြောင့် မာလီမှာ လောင်စာ ပျက်လပ်မှုတွေ ဖြစ်စေမှာ ဖြစ်တယ်လို့ သတင်းထောက်တွေက ပြောပါတယ်။

အကြောင်းကတော့ မာလီအတွက် လိုအပ်တဲ့ လောင်စာ အားလုံးနီပါးကို ECOWAS အဖွဲ့ဝင် နိုင်ငံ တခုဖြစ်တဲ့ အိုင်ဗရီကို့စ်ကနေ တင်သွင်းနေရတာ ဖြစ်ပါတယ်။