မာလီသူပုန်တွေ တောင်ပိုင်းကို တိုးလာနေ

ဓာတ်ပုံ မူပိုင် AFP
Image caption အာဏာသိမ်းခေါင်းဆောင် ဗိုလ်ကြီးဆန်နဂိုး အနီး မှာတော့ လုံခြုံရေးအထူးချထား

မာလီနိုင်ငံ တွားရတ် သူပုန်တွေဟာ နိုင်ငံ တောင်ပိုင်းက မဟာဗျူဟာ ကျတဲ့ ဂေါင်းမြို့ ဆီကို ချီတက် ဝင်ရောက် လာနေပြီ ဖြစ်ပါတယ်။ သူပုန်တွေဟာ လက်နက်ကြီးတွေ အပြည့် တင်ထားတဲ့ ပစ်ကပ်ကားတွေနဲ့ ဂေါင်းမြို့ထဲကို ဝင်ရောက်လာကြတာ ဖြစ်တယ် လို့ အဲဒီမြို့က အရာရှိတွေက ပြောပါတယ်။

ပစ်ခတ်မှုတွေ အကြီးအကျယ် ဖြစ်ပွားခဲ့ပြီး စစ်ရဟတ်ယာဉ်တွေရဲ့ စစ်ဆင်မှုတွေ လည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

အခုလို တွားရတ်သူပုန်တွေ နောက်ထပ် မြို့တမြို့ကို ဝင်ရောက်ခဲ့ပြီး နောက်မှာတော့ ဒေသတွင်း အဖွဲ့တခု ဖြစ်တဲ့ အနောက်အာဖရိက နိုင်ငံများအဖွဲ့ ECOWAS ရဲ့ တပ်ဖွဲ့ဝင် ၂ ထောင်ကို တပ်လှန့်ထား ပါတယ်။

မနေ့တုန်းကဆိုရင် စစ်တပ်ကို ပုန်ကန်ပြီး အာဏာသိမ်းခဲ့တဲ့ ခေါင်းဆောင် ဗိုလ်ကြီး ဆန်နဂိုးဟာ ဒီ တွားရတ်သူပုန်တွေကို ခုခံ တိုက်ခိုက်ဖို့ အတွက် နိုင်ငံတကာကို အကူအညီ တောင်းခံခဲ့ပါတယ်။

အာဏာသိမ်း စစ်တပ်ဖွဲ့က ခေါင်းဆောင် ၃ ဦးဟာ မာလီ အကျပ်အတည်းကို ကြားဝင် ဖျန်ဖြေပေးနေတဲ့ အိမ်နီးချင်း ဘာကီနာဖက်ဆို နိုင်ငံက သမ္မတ ဘလက်စကွန် ပါရို့ရေနဲ့ ဆွေးနွေးဖို့ အတွက် အဲဒီ နိုင်ငံထဲကို ဝင်ရောက်သွားပြီ ဖြစ်ပါတယ်။