သြစတြေးလျနိုင်ငံ မှာ အမေရိကန်တပ်သားတွေ တာဝန်ချ

obama ဓာတ်ပုံ မူပိုင် Getty Images
Image caption တရုတ်ကိုသီးသန့် ကန့်ထားချင်လို့ မဟုတ် လို့ အိုဘားမား ပြော

သြစတြေးလျနိုင်ငံ မြောက်ပိုင်းကို အမေရိကန် မရိန်းတပ်သား ၂၀၀ ဆိုက်ရောက် လာပါတယ်။

ဒါဟာ သမ္မတအိုဘားမားရဲ့ အာရှ ပစ္စဖိတ်ဒေသတွင်း အမေရိကန် စစ်ရေး စွမ်းရည် တောင့်တင်းခိုင်မာ အောင်လုပ်ဖို့ အစီအစဉ် အရ အလှည့်ကျ တာဝန်ချထားမယ့် တပ်သား၂၅၀၀ ထဲက ပထမဆုံး အသုတ်ဖြစ်ပါတယ်။

နောက် ၂ နှစ်အတွင်းမှာ တပ်သား ၂၅၀၀ အထိ အမေရိကန်က စေလွှတ်မှာပါ။

အမေရိကန်က ဒီပစိဖိတ်ဒေသအတွင်းမှာ အရင်ကတည်းက တပ်တွေထားပါတယ်။

ဒါပေမယ့် သြစတြေးလျကနေတဆင့် ပစိဖိတ်ဒေသအတွင်း အမြဲတမ်းတပ်ချဖို့ လုပ်တာကတော့ ပထမဆုံး အကြိမ်ဖြစ်ပါတယ်။

တပ်သား ၂၅၀၀ ပို့တာကတော့ စစ်ရေးစကားနဲ့ပြောရရင် ဘာမှ ပြောပ လောက်အောင် မဟုတ်ပေမယ့် ပစိဖိတ်ဒေသ အတွင်းမှာ တရုတ်ရဲ့ ပါဝင်ပတ်သက်မှုတွေများလာတဲ့ အတွက် အမေရိကန် က စစ်မဟာဗျူဟာ ဆင်တဲ့ အနေနဲ့ အခုလို တပ်တွေချတာလို့လည်း တချို့က မြင်နေ ကြပါတယ်။

သမ္မတ အိုဘားမားက ဒီလုပ်ရပ်ဟာ တရုတ်ကို သီးသန့်ခွဲထားဖို့ ရည်ရွယ်တာ မဟုတ်ဘူးလို့ မနှစ်က ဒီတပ်စွဲဖို့ ကိစ္စကို ကြေငြာတုန်းက ပြောခဲ့ ပါတယ်။

ဒါပေမယ့် တရုတ် အစိုးရကတော့ ပစိဖိတ်ဒေသ အတွင်းမှာ အမေရိကန် တပ်စွဲနေတာကိုတော့ အလေးထားသင့်တဲ့ ကိစ္စ အနေနဲ့ ဖော်ပြခဲ့ပါတယ်။

အာရှ ပစိဖိတ်ဒေသ အတွင်း က ကိုရီးယား၊ ဂျပန် နဲ့ နေရာအတော်များများမှာ အမေရိကန် က တပ်တွေ ချထားပြီးပြီ ဖြစ်လို့ အခုဒီ သြစတြေးလျ မှာ တပ်ချဖို့ လိုသေး သလားဆိုပြီး တရုတ်ဘက်က မေးခွန်းထုတ်ပါတယ်။

နောက်ပြီး သူတို့ကို ဝိုင်းရံထားသလို ခံစားရတယ်လို့ ဆိုပါတယ်။

သြစတြေးလျ ကာကွယ်ရေးဝန်ကြီး Stephen Smith ကတော့ တရုတ် နဲ့ အိန္ဒိယ တဟုန်တိုး တိုးတက်မှုကို ကမ္ဘာက အမှီလိုက်ဖို့ လိုတယ်၊ နောက်ပြီး အာရှ ပစိဖိတ်ဒေသ အတွင်းမှာ နိုင်ငံရေး နဲ့ စီးပွားရေး လွှမ်းမိုးဖို့ နည်းဗျူဟာ ဆင်တာ လို့ အမေရိကန်ရဲ့ တပ်ချထားမှုနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ပဲ ရှင်းပြပါတယ်။