လက်နက်မှောင်ခို ရုရှားတဦးကို အမေရိကန်မှာ ပြစ်ဒဏ်ချ

ဓာတ်ပုံ မူပိုင် BBC World Service
Image caption ကိုလန်ဘီယာသူပုန်တွေကို လက်နက်ရောင်းဖို့ ကြံစည်မှုနဲ့ ပြစ်ဒဏ် ချခံရတာ ဖြစ်

အမေရိကန် တရားရုံးတခုကနေ ရုရှားလူမျိုး လက်နက်ရောင်းသူ တဦးကို ထောင်ဒဏ် ၂၅ နှစ်ပြစ်ဒဏ်ချမှတ်လိုက်တဲ့အပေါ် ရုရှားနိုင်ငံက ပြစ်တင် ဝေဖန်လိုက်ပါတယ်။

အဲဒီသူဟာ ကမ္ဘာပေါ် မှာ တရားမဝင် လက်နက်ရောင်းချနေတဲ့ ဗစ်ခ်တာ ဘု(တ်) ဆိုသူ ဖြစ်ပြီး၊ သူဟာ မြေပြင်ကနေ ဝေဟင်ပစ် ဒုံးကျည်တွေ အပါအဝင် လက်နက်တွေကို ကိုလန်ဘီယာ သူပုန်တွေ အတွက် ရောင်းချဖို့ လျှို့ဝှက် ကြံစည်မှုနဲ့ ပြစ်ဒဏ် ချခံရတာ ဖြစ်ပါတယ်။

အမေရိကန် အစိုးရ ရှေ့နေတွေကတော့ သူဟာ အမေရိကန် ပြည်ထောင်စုကို ခြိမ်းခြောက် နေသူ တဦး ဖြစ်တယ်လို့ ပြောပါတယ်။ အခု သူရောင်းချမယ့် ဒီလက်နက်တွေဟာ အမေရိကန်တွေကို သတ်ဖြတ်ဖို့ ဖြစ်နိုင်တယ်လို့ ရှေ့နေတွေက ပြောပါတယ်။

ရုရှား အစိုးရ ဘက်ကတော့ ဒါဟာ နိုင်ငံရေး အရ လုပ်ဆောင်မှုလို့ ပြောဆိုရှုတ်ချလိုက်ပြီး ဒီကိစ္စဟာ နှစ်နိုင်ငံ ဆက်ဆံရေးမှာ ဉီးစား ပေး စရာ ဖြစ်လာလိမ့်မယ်လို့ လည်း ပြောပါတယ်။ ရရှား အစိုးရဘက် ကတော့ မစ္စတာ ဘု(တ်)ရဲ့ ပစ်ဒဏ် ကို ရုရှား နိုင်ငံဆီ လွှဲပြောင်းပြီး အဲဒီမှာ ပြစ်ဒဏ် ကျခံစေဖို့ ကြိုးစားကောင်း ကြိုးစားနိုင် ပါတယ်။

မစ္စတာ ဘု(တ်) ဟာ ဆိုဗီယက် ပြည်ထောင်စု ခေတ်က အရာရှိဟောင်း တစ်ယောက် ဖြစ်ပြီး ၁၉၉၀ ပြည့်လွန်နှစ်တွေ ကာလကတည်းက လက်နက် အရောင်းအဝယ် ကိစ္စတွေနဲ့ ပတ်သက်တယ် ဆိုပြီး သင်္ကာ မကင်း ဖြစ်ခံခဲ့ရ တာပါ။ သူကတော့ အပြစ် မရှိကြောင်း ငြင်းဆိုခဲ့ ပါတယ်။

ဒါပေမဲ့ ရုရှား နိုင်ငံသား ဖြစ်တဲ့ ဗစ်တာ ဘု(တ်)ဟာ လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ် က ထိုင်းနိုင်ငံ ဘန်ကောက် မြို့တော်မှာ ဖမ်းဆီး ခံခဲ့ရပြီးတဲ့နောက် မနှစ်ကမှ သူ့မှာ အပြစ်ရှိတယ်ဆိုပြီး ထွက်ပေါ်လာခဲ့တာပါ။

သူ့ ရှေ့နေက ပြင်ဆင်ဖို့ အချိန် ပိုရအောင် ကြိုးပမ်းခဲ့တာကြောင့် သူ့ကို ပစ်ဒဏ် ချဖို့ အရေး နှစ်ကြိမ်တိုင် နှောင့်နှေး ခဲ့ရ ပါတယ်။ သူ့ရှေ့နေက တဘက်က တရားလို ဖြစ်တဲ့ အစိုးရ ရှေ့နေတွေရဲ့ လုပ်ရပ်ဟာ ရုရှား နိုင်ငံကို ထွက် ပေါက် မရှိအောင်လုပ်တဲ့ လက်ခံနိုင်စရာ မရှိတဲ့ အစိုးရ အပြု အမူလို့ စွပ်စွဲ ပြောဆိုခဲ့ပါတယ်။

တရားသူကြီး Shira Scheindlin က ၂၅ နှစ် ဆိုတဲ့ ပြစ်ဒဏ်ဟာ မစ္စတာ ဘု(တ်) ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေ အတွက် သင့်တော်တဲ့ ပြစ်ဒဏ်ပဲလို့ ပြောပါတယ်။ ဒဏ်ကြေးငွေ ဒေါ်လာ ၁၅ သန်း ပေးဆောင်ဖို့လည်း အမိန့် ချမှတ် ပါတယ်။ မစ္စတာ ဘု(တ်)ရဲ့ ရှေ့နေ Albert Dayan ကတော့ မစ္စတာ ဘု(တ်)မှာ အပြစ် မရှိကြောင်း အယူခံ ဝင်သွားမယ်လို့ ပြော ပါတယ်။