တရုတ်ထိပ်တန်းပါတီဝင် ဇနီးကို လူသတ်မှုနဲ့ ဖမ်း

china ဓာတ်ပုံ မူပိုင် Reuters
Image caption ပေါ်လစ်ဗြူရိုဝင် အဖြစ်ကနေ အထုတ် ခံရသူ ဘိုရှိလိုင်

တရုတ် ကွန်မြူနစ် ပါတီကထိပ်တန်းခေါင်း ဆောင် ဘိုရှိလိုင်ရဲ့ ဇနီးကို ဗြိတိသျှ နိုင်ငံသား တယောက်ကို သတ်မှုနဲ့ ဖမ်းဆီးလိုက်ပါတယ်။

မနှစ်က နိုဝင်ဘာလက ဗြိတိသျှ နိုင်ငံသား Neil Heywood ဟာ အရက် အဆိပ်သင့်ပြီး သေဆုံးခဲ့တယ်လို့ တရုတ် အာဏာပိုင်တွေက ပြောပါတယ်။

ဒါပေမယ့် သေဆုံးခဲ့သူ ဗြိတိသျှ စီးပွားရေး လုပ်ငန်းရှင် ဟေးဝုဟာ ချုံကင်းမြို့တော်ဝန် ဟောင်း တရုတ် ကွန်မြူနစ်ပါတီ ခေါင်းဆောင် ဘိုရှိလိုင်တဲ့ ဇနီးမောင်နှံနဲ့ အလွန် ရင်းနှီးသူ ဖြစ်ပါတယ်။

အသက် ၆၂ နှစ်အရွယ် ဘိုရှိလိုင်ဟာ တရုတ် နိုင်ငံက ကွန်မြူနစ် ပါတီဝင်တွေထဲမှာ လူ ကြိုက်များ ထင်ရှားတဲ့ ခေါင်းဆောင် တယောက်ဖြစ်ပြီး ပါတီထဲမှာ အလားအလာ ရှိသူ အဖြစ် ထင်ကြေးပေးခံရသူ ဖြစ်ပါတယ်။

ဗြိတိသျှ နိုင်ငံသား သေဆုံးမှုကို စုံစမ်းစစ်ဆေးဖို့ ရဲက မြို့တော်ဝန် မိသားစုကိုပါ စစ်ဆေးဖို့ လုပ်လာပြီးနောက်မှာ မြို့တော်ဝန် ဘိုရှိလိုင်က ရဲချုပ်ကို ရာထူး အဆင့် လျှော့ချလိုက်ပါတယ်။

ရာထူးက အချခံရတဲ့ ရဲချုပ်က စီချွမ်း ပြည်နယ် ချင်တူးမြို့က အမေရိကန် ကောင်စစ်ဝန်ရုံးထဲ ထွက်ပြေးခဲ့ပါတယ်။

အဲဒိမှာ တရုတ် ကွန်မြူနစ်ပါတီ အာဏာပိုင်တွေက ဘိုရှိလိုင်ကို ပေါ်လစ်ဗြူရို အဖွဲ့ဝင် အ ဖြစ်ကရော၊ ဗဟိုကော်မတီ အဖွဲ့ဝင် အဖြစ်ကပါ ဖယ်ရှားလိုက်ပြီး ခုနောက်ဆုံး သူ့ဇနီးဖြစ် သူကို လူသတ်မှုနဲ့ ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

ချင်တူးမြို့က အမေရိကန် ကောင်စစ်ဝန်ရုံးထဲ ထွက်ပြေး ခိုလှုံခဲ့သူ ရဲချုပ်ဝမ်းဟာ ကောင် စစ်ဝန်ရုံးထဲ ရှိနေတုန်း ဘိုရှိလိုင်ရဲ့ ဇနီး ဖြစ်သူဟာ လူသတ်မှုမှာ ပါဝင် ပတ်သက်နေတယ် ဆိုပြီး ပြောခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဗြိတိသျှ စီးပွားရေး လုပ်ငန်းရှင် ဟေးဝုဟာ အရက် အလွန်အကျွံသောက်ရာကနေ သေ ဆုံးခဲ့တယ်လို့ တရုတ် အစိုးရက ပြောပေမယ့် သူ့မိတ်ဆွေတွေ ကတော့ သူဟာ အရက် သောက်တတ်သူ မဟုတ်ဖူးလို့ ပြောကြပါတယ်။

သေဆုံးသူ ဗြိတိသျှ နိုင်ငံသားနဲ့ အရာကျ မြို့တော်ဝန် ဘိုရှိလိုင်တို့ဟာ ရင်းနှီးတဲ့ မိတ်ဆွေ တွေလို့ သိရပေမယ့် သူ မသေဆုံးခင်မှာ ပိုက်ဆံ ကိစ္စကို အကြောင်းပြုပြီး ဘိုရှိလိုင်ရဲ့ ဇနီးနဲ့ သားတို့ဟာ ဗြိတိသျှ စီးပွားရေး သမားနဲ့ စကားများကြတယ်လို့ တရုတ် အစိုးရ သတင်း ဌာနက ပြောပါတယ်။

ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဝီလီယံဟိတ်ကတော့ သူတို့ နိုင်ငံသား သေဆုံးမှုကို နိုင်ငံရေး ကိစ္စတွေကို မစဉ်းစားပဲ စုံစမ်း စစ်ဆေးသင့်တယ် ဆိုပြီး ပြောခဲ့ပါတယ်။