မြောက်ကိုရီးယား ဒုံးပျံလွှတ်ဖို့၊ ပြင်ဆင်မှု ပြီးတော့မယ်

ဓာတ်ပုံ မူပိုင် AP
Image caption ဒုံးပျံဟာ အလေးချိန် ကီလိုဂရမ် ၁၀၀ အောက်သာ သယ်နိုင်တာဖြစ်လို့ မစိုးရိမ်ဖို့ပြော

မြောက်ကိုရီးယားနိုင်ငံက ဂြိုဟ်တု လွှတ်တင်ဖို့ အတွက် ပြင်ဆင်မှုတွေ အင်္ဂါနေ့မှာ အပြီးသတ်မှာ ဖြစ်ပြီး လာမယ့် ၁၆ ရက်နေ့မှာ လွှတ်တင်တော့ မှာ ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မြို့တော် ပြုံရမ်းမှာ ရှားရှားပါးပါး ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ၊ မြောက်ကိုရီးယား ထိပ်တန်း အရာရှိတဦးက တာဝေးပစ် ဒုံးကျည်စမ်းသပ်ဖို့ အတွက် အခုလို ဂြိုဟ်တု လွှတ်တင်ဖို့ အကြောင်း ပြတာဆိုတဲ့ သံသယနဲ့ ပြောဆိုမှုတွေကို ပယ်ချလိုက်ပါတယ်။

ဒီဒုံးပျံဟာ ကီလိုဂရမ် ၁၀၀ အောက် အလေးချိန်ကိုသာ သယ်ဆောင်နိုင်တာ ဖြစ်လို့ နိုင်ငံတကာအနေနဲ့ စိုးရိမ်ပူပန်မှု မရှိကြဖို့ကိုလည်း သူက ပြောကြားသွားပါတယ်။

အမေရိကန်နဲ့ ဗြိတိန်တို့က ဒီဒုံးပျံလွှတ်တင်မှုဟာ ဒုံးကျဉ် စမ်းသပ်ဖို့ ဖုံးကွယ်ထားတာ ဖြစ်တယ်ဆိုပြီး မြောက်ကိုရီးယားကို ပိတ်ဆို့မှု အသစ်တွေ လုပ်မယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြောက်ကိုရီးယားတို့ ဒုံးပျံလွှတ်တင်မှုကို ပိတ်ပင်ထား တာ ဖြစ်ပါတယ်။

ရှရှားနိုင်ငံကလည်း မြောက်ကိုးရီးယားတို့ရဲ့ အခုလို ဂြိုဟ်တု လွှတ်တင်မယ့် အစီအစဉ် ဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေကို ချိုးဖေါက်တာ ဖြစ်တယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန်တဲ့ ကြေညာချက်တစောင် မထုတ်စဖူး ထုတ်ပြန်လိုက်ပါတယ်။