အင်ဒိုနီးရှား ငလျင် ဆူနာမီ အရေး ထိတ်လန့်ခဲ့ကြရ

tsunami ဓာတ်ပုံ မူပိုင် Reuters
Image caption ငလျင် ဗဟိုချက်မ ပြ မြေပုံ

အင်ဒိုနီးရှား နိုင်ငံ အာချေး ကမ်းလွန် ပင်လယ်ပြင်မှာ ပြင်းအားကြီးတဲ့ ငလျင် နှစ်ခု လှုပ်ခတ် ခဲ့တာကြောင့် အိန္ဒိယ သမုဒ္ဒရာ တဝိုက် နိုင်ငံ တွေ မှာ ဆူနာမီ သတိထားဖို့ ထုတ်ပြန် ခဲ့ရပြီး လူတွေလည်း အထိတ်အလန့် ဖြစ်ခဲ့ ကြရပါတယ်။

နောက်ပိုင်း မှာတော့ အိန္ဒိယသမုဒ္ဒရာ အတွင်း ဆူနာမီ ရေလှိုင်းတွေ ဖြစ်လာ နိုင်ခေျ သိပ်မရှိ ဘူးလို့ အမေရိကန်က ပစိဖိတ် ဆူနာမီ သတိပေးရေး ဌာနက ပြောကြားလိုက်ပါတယ်။

ပင်လယ်ကမ်းနား ဘက်မှာ တမီတာ ရဲ့ အောက် အမြင့်သာ ရှိတဲ့ ရေလှိုင်းတွေကိုသာ တွေ့ရတဲ့အတွက် သူတို့အနေနဲ့ ဆူနာမီ သတိပေးချက်တွေကို ရုပ်သိမ်းလိုက်ပြီလို့ အဲဒီဌာန က ပြောပါတယ်။

မြေငလျင် ကြီး ကြောင့် အာချေးပြည်နယ် မှာ နေထိုင်ကြသူတွေဟာ အထိတ်တလန့် ဖြစ်ကုန်ကြ ပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၄ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ မြေငလျင် နဲ့ ဆူနာမီ ကြောင့် အာချေး ဒေသ မှာ လူပေါင်း ၂ သိန်းကျော် သေဆုံးခဲ့တဲ့ အတွက် အခုလို အထိတ်တလန့်ဖြစ်ခဲ့ ကြရတာလည်း ဖြစ်ပါတယ်။

အဲဒီဒေသမှာ မြေငလျင်လှုပ်တယ်ဆိုရင်ပဲ လူတွေဟာ ကုန်းမြင့်ပိုင်း ဒေသတွေကို အလျင် အမြန် ပြေးလွှား သွားခဲ့ကြပါတယ်။

အင်ဒိုနီးရှား က ငလျင်ရဲ့ ရိုက်ခတ်မှုကို မြန်မာ၊ ထိုင်း၊ အိန္ဒိယ၊ သီရိလင်္ကာ နဲ့ သြစတြေးလျ နိုင်ငံတွေမှာလည်း ခံစား ခဲ့ကြရပါတယ်။

ရန်ကုန်မြို့ အချို့ မြို့နယ် တွေ မှာလည်း ငလျင် အသေးစား လှုတ်ခတ်ခဲ့ပြီး မြန်မာ့ ကမ်းရိုးတန်း ဒေသ တွေမှာ ဆူနာမီ ရိုက်ခတ်နိုင်တယ်လို့ အစိုးရ က ရုပ်မြင်သံကြား မီဒီယာ ကနေ တဆင့် သတိပေးချက် တွေ ထုတ်ပြန် ခဲ့ရ ပါတယ်။