အီရန်နျူကလီးယား ဆွေးနွေးပွဲ အစကောင်း

ဓာတ်ပုံ မူပိုင် AP
Image caption ဒီဆွေးနွေးပွဲဟာ မနှစ် ဆွေးနွေးပွဲနဲ့ လုံးဝကို ခြားနားတယ်လို့ ပြောပါတယ်

အီရန် နျူကလီးယားအစီအစဉ်နဲ့ပတ်သက်တဲ့ အစည်းအဝေးကို တက်ရောက်နေတဲ့ အနောက်နိုင်ငံ သံတမန်တွေက ဆွေးနွေးပွဲ အစ ကောင်းတယ်လို့ ပြောကြားလိုက်ပါ တယ်။ အီရန်ဘက်က ကိုယ်စားလှယ်အဖွဲ့ဟာ အနောက်နိုင်ငံတွေရဲ့ စိုးရိမ်မှုတွေကို နားထောင်ဖို့ အရင်ထက် အများကြီး ပြင်ဆင်ထားပုံပေါ်တယ်လို့ ဆိုပါတယ်။

အပြုသဘောဆောင်တဲ့ ဒီ ဆွေးနွေးပွဲ ဟာ အရင် နှစ်က ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲနဲ့ လုံးဝကို ခြားနားတယ်လို့ အရာရှိတဦးကပြောပါတယ်။

ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒရေးရာ အကြီးအကဲ ကက်သရင်း အက်ရှ်တန်ရဲ့ ပြောခွင့်ရသူကလည်း နှစ်ဘက်စလုံးက လိုလိုလားလားရှိပြီး၊ ညှိနှိုင်းမှုတွေ လေးလေး နက်နက်ရှိမယ့် အခြေအနေတွေကို မျှော်လင့်နိုင်ကြာင်းနဲ့ နောက်ထပ် ဒုတိယအကျော့ ဆွေးနွေးဖို့ကိုလည်း ကြေညာနိုင်မယ်လို့ ပြောကြားသွားတာပါ။

နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ ကြိုးပမ်းနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို တော့ အီရန်က ငြင်းဆိုထားပါတယ်။

အီရန်ကိုယ်စားလှယ်တွေဟာ အမေရိကန်ပြည်ထောင်စု၊ ရုရှား၊ တရုတ်၊ဗြိတိန် ပြင်သစ် နဲ့ ဂျမဏီနိုင်ငံတွေက ကိုယ်စာလှယ်တွေနဲ့ တူရကီနိုင်ငံ အီစတန်ဘူမြို့မှာ ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။

အခုအချိန်မှာ အစ္စရေးကနေ အီရန်ရဲ့ နျူကလီးယား စက်ရုံနေရာတွေကို တိုက်ခိုက်မှုတွေ လုပ်ကောင်း လုပ်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေပါတယ်။

အမေရိကန် သမ္မတ အိုဘားမားကတော့ အခု ဆွေးနွေးမှုတွေဟာ သံတမန်အရေး အရ နောက်ဆုံး အခွင့်အရေးဖြစ်တယ်လို့ ပြောပါတယ်။