နော်ဝေးက လူသတ်ပွဲ တရားခံကို ရုံးတင်စစ်ဆေး

Norway ဓာတ်ပုံ မူပိုင် AP
Image caption ဘရစ်ဗစ်ကို တရားရုံးတွင်း တွေ့ရစဉ်

နော်ဝေးနိုင်ငံမှာ ပြီးခဲ့တဲ့ ဇူလိုင်လက လူ ၇၇ ဦးကို သတ်ဖြတ်ခဲ့မှုနဲ့ ဖမ်းဆီး တရားစွဲ ခံထားရတဲ့ အန်ဒါ ဘာရင်း ဘရစ်ဗစ်ကို ရုံးတင် စစ်ဆေးနေပါတယ်။

တရားရုံးအတွင်း တရားသူကြီးက ဘရစ်ဗစ်ကို မေးမြန်းရာမှာ ဘရစ်ဗစ်က သူ့မှာ အပြစ်မရှိ ကြောင်း ထွက်ဆိုခဲ့ပါတယ်။

ဘရစ်ဗစ်ဟာ ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်တယ်ဆိုတာ ဝန်ခံပေမယ့် ရာဇဝတ်ကြောင်းအရ သူ့မှာ တာဝန်မရှိဘူးလို့ ပြောပါတယ်။

သူက တရားရုံးကိုလည်း အသိအမှတ် မပြုကြောင်း၊ ဘာဖြစ်လို့လဲဆိုတော့ တရားရုံးဟာ အသွင်မတူ ယဉ်ကျေးမှုတွေကို အားပေး ထောက်ခံတဲ့ နိုင်ငံရေး ပါတီတွေအပေါ် မှီတည်နေတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ဘရစ်ဗစ်ဟာ တိုက်ခိုက်မှုတွေ လုပ်နိုင်အောင် နှစ်ပေါင်းများစွာ ကြိုတင် ကြံစည် လုပ်ဆောင်ခဲ့တယ် ဆိုတဲ့ အချက်တွေကိုလည်း တရားရုံးအတွင်းမှာ ကြားနာခဲ့ပါတယ်။

ဘရစ်ဗစ်ဟာ ပြီးခဲ့တဲ့ နှစ်လယ်က အော်စလိုမြို့တော်အတွင်း ကားဗုံးနဲ့ တိုက်ခိုက်ခဲ့သလို အူတိုရာကျွန်းက လူငယ်နိုင်ငံရေး စခမ်းတစ်ခုမှာလည်း သေနတ်နဲ့ တရကြမ်း ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။