အီဂျစ်သမ္မတလောင်း အပယ်ခံရသူတွေ အမည် အတည်ပြု

ဓာတ်ပုံ မူပိုင် BBC World Service
Image caption သမ္မတလောင်းရွေးပွဲမှာ ထိပ်က ပြေးနေသူတဦး ဖြစ်တဲ့ ဆူလေမန်လည်း အပယ်ခံရ

အီဂျစ်နိုင်ငံမှာ ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲ အတွက် သတ်မှတ်ထားတဲ့ စံချိန် စည်းမျဉ်းတွေနဲ့ မညီညွတ်သူ သမ္မတလောင်းတွေရဲ့ အမည် စာရင်းကို အီဂျစ် ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြု ကြေညာလိုက်ပါတယ်။

အဲဒီထဲမှာ ထိပ်ဆုံးက ပြေးနေတဲ့ သမ္မတလောင်း ၃ဦး လည်း ပါဝင်ပြီး သမ္မတ မူဘာရက်ခ်ရဲ့ ထောက်လှမ်းရေး အကြီးအကဲဟောင်း အိုမာ ဆူလေမန်၊ Muslim Brotherhood ပါတီက ကိုင်ရက်တ် အယ်လ် ရှက်တာနဲ့ အစ္စလာမ် အစွန်းရောက် ဝါဒီ ဟာဇမ် ဆလာ အဘူ အစ္စမေးလ် တို့ဖြစ်ကြပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဒီဆုံးဖြတ်ချက်ကြောင့် ရွေးကောက်ပွဲ မှာ ဝင်ပြိုင်ကြမယ့် သူတွေရဲ့ အခြေအနေတွေ လုံးဝ ပြောင်းသွားတော့မှာ ဖြစ်ပြီး အစ္စလာမ် ဝါဒီတွေနဲ့ အစိုးရ စစ်ကောင်စီ အကြား တင်းမာမှုတွေ ပိုတိုးပွားလာဘွယ် ရှိတယ်လို့ ကိုင်ရိုမှာရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

သမ္မတ ရွေးကောက်ပွဲကို လာမယ့် လမှာ စတင်တော့မှာ ဖြစ်ပြီး လူထုဆန့်ကျင် အုံကြွမှုတွေ ကြောင့် အီဂျစ် သမ္မတ မူဘာရက်ခ် မနှစ်တုန်းက ရာထူးကနေ ဆင်းပေး ခဲ့ရပြီးတဲ့နောက် ဒီသမ္မတ ရွေးကောက်ပွဲဟာ အီဂျစ်နိုင်ငံရဲ့ နိုင်ငံရေး အသွင်ကူးပြောင်းရေးကာလမှာ အရေးပါတဲ့ အဆင့်တဆင့် ဖြစ်ပါလိမ့်မယ်။