ဆီးရီးယားနဲ့ ကုလ ပဏာမ သဘောတူညီမှုရ

Annan ဓာတ်ပုံ မူပိုင် AP
Image caption အထူးကိုယ်စားလှယ် ကိုဖီ အာနန်

ဆီးရီးယားမှာ ကုလသမဂ္ဂ စောင့်ကြည့် လေ့လာရေးအဖွဲ့ နေရာချ ထားဖို့အတွက် ဆီးရီးယားနဲ့ ကုလသမဂ္ဂ တို့ဟာ ပဏာမ သဘောတူ စာချုပ် လက်မှတ် ရေးထိုး လိုက်ပါပြီ။

ကုလသမဂ္ဂနဲ့ အာရပ်အဖွဲ့ချုပ်တို့ရဲ့ အထူး ကိုယ်စားလှယ် မစ္စတာ ကိုဖီ အာနန် ပြော တာကတော့ ဆီးရီးယား အတိုက်အခံ အဖွဲ့ တွေနဲ့လည်း ဆွေးနွေးနေတယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂ ဒုတိယအတွင်းရေးမှူးချုပ် မတ်ခ် မားလော့ ဘရောင်းက ဘီဘီစီကို ပြောရာ မှာတော့ ဆီးရီးယားမှာ သံတမန်ရေးဖြေရှင်းမှု လုံးဝမရှိပဲ ပြည်တွင်းစစ်ကို ဦးတည် သွားနေရာမှာ မစ္စတာ ကိုဖီအာနန် ကတော့ လုံခြုံရေး ကောင်စီကို ပြန်ညီညွတ် အောင်လုပ်ပြီး ဆွေးနွေး အဖြေရှာဖို့ လုပ်နိုင်ခဲ့တယ်၊ ဒါပေမယ့် အခက်အခဲတွေ ရှိနေတုန်းပဲလို့ ဆိုပါတယ်။

လောလောဆယ်မှာတော့ ကုလသမဂ္ဂရဲ့ စောင့်ကြည့်လေ့လာသူ အနည်းငယ်ပဲ ဆီးရီးယားကို ရောက်ရှိနေပြီး နိုင်ငံတွင်းမှာ နောက်ထပ် အကြမ်းဖက်မှုတွေလည်း ဆက်ဖြစ်နေ တယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။

ဟုမ်းစ်မြို့မှာ အစိုးရကနေ ဗုံးကြဲ တိုက်ခိုက် နေတုန်းပဲလို့ အတိုက်အခံ တက်ကြွ လှုပ်ရှား သူတွေက ပြောပါတယ်။