လေ့လာသူတွေ ထပ်လွှတ်ဖို့ လုံခြုံရေးကောင်စီ ဆုံးဖြတ်

syria ဓာတ်ပုံ မူပိုင် Reuters
Image caption ဆီးရီးယား ရောက် ကုလသမဂ္ဂ ရဲ့ လေ့လာ စောင့်ကြည့်သူများ

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ဆီးရီးယား နိုင်ငံမှာ လက်နက်မကိုင်တဲ့ စစ်ရေး စောင့်ကြည့် လေ့လာသူ ၃၀၀ အထိ ချသွားဖို့ ကိစ္စကို မဲခွဲ ဆုံး ဖြတ် လိုက်ပါတယ်။

ဆီးရီးယား မှာ အပစ် အခတ် ရပ်ဆဲပြီး ဆီးရီးယား အစိုးရနဲ့ သဘောတူ ထားတဲ့ ငြိမ်းချမ်းရေး အစီအစဉ် တွေကို အကောင် အထည် ဖော်နိုင်ရေး အတွက် ဒီ စောင့်ကြည့် သူတွေကို ၃ လလောက် ချထားမှာ ဖြစ်ပါတယ်။

အနောက်နိုင်ငံ တွေဘက်က ဆီးရီးယား ရဲ့ လိုက်နာ ဆောင်ရွက်မှု တွေအပေါ် စိုးရိမ်မှု တွေရှိခဲ့ ပေမယ့် မဲခွဲကြရာ မှာတော့ တညီတညွတ်ထဲ ထောက်ခံ မဲ ပေးခဲ့ကြပါတယ်။

အခုတော့ ဒီလူတွေကို ဘယ်လို ပုံစံနဲ့ ဘယ်တော့ နေရာချ မလဲ ဆိုတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ဆုံးဖြတ် သွားဖို့ ပဲ ကျန်တော့ တယ်လို့ ဆိုပါတယ်။

အစောပိုင်း တုန်းကတော့ ဆီးရီးယား ကို ရောက်နှင့် နေပြီး ဖြစ်တဲ့ ကုလသမဂ္ဂ အဖွဲ့ ဟာ အတိုက်အခံ တွေရဲ့ ခြေကုတ်ယူရာ ဟွမ်းစ် မြို့ကို ပထမဆုံး အကြိမ်အဖြစ် ဝင်ရောက် နိုင်ခဲ့ ကြပါတယ်။ ဒီမြို့ကို ဆီးရီးယား အစိုးရ တပ်တွေဘက်က လနဲ့ ချီပြီး ပစ်ခတ် တိုက်ခိုက် နေခဲ့ကြတာ ဖြစ်ပါတယ်။

စနေနေ့ကတော့ ဒေရာမှာ ရှိနေတဲ့ မိသားစု တခုထဲက လူ ၁၅ ဉီး အပါအဝင် လူပေါင်း ၄၀ လောက် အသက်ဆုံးရှုံး ခဲ့ရတယ်လို့ အတိုက်အခံ တွေဘက်က ပြောပါတယ်။