ပါကစ္စတန် ရဲ့ အပြိုင်အဆိုင် ဒုံးကျည် စမ်းသတ်မှု

pakistan missile 2005 ဓာတ်ပုံ မူပိုင် AP
Image caption ၂၀၀၅ တုန်း က ပါကစ္စတန် မစ်ဇိုင်း ဒုံးကျည် စမ်းသပ်စဉ် က

အိန္ဒိယနဲ့ ပါကစ္စတန် ၂ နိုင်ငံဟာ ရှေ့ဆင့်နောက်ဆင့် ဆိုသလို ဒုံးကျည် စမ်းသပ်မှုတွေကို အခု သီတင်းပတ်တွေ အတွင်းမှာ ပြုလုပ်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ အပတ်ကပဲ အိန္ဒိယနိုင်ငံကလည်း ကီလိုမီတာ ၅၀၀၀ အကွာအဝေး အထိ ပစ်နိုင်တဲ့ တာဝေးပစ် ဒုံးကျည် စမ်းသပ်မှုတွေကို ပြုလုပ်ခဲ့ပါတယ်။

ဒီလို ဒုံးကျည်စမ်းသပ်မှုတွေကို ၂ နိုင်ငံက လုပ်လေ့ရှိပြီး လုပ်တော့မယ်ဆိုရင်လည်း တနိုင်ငံနဲ့ တနိုင်ငံ ကြိုတင်ပြီး အသိပေးကြပါတယ်။

Shaheen 1 A ရှာဟင်း ၀မ်းအေ လို့ အမည်ပေးထားတဲ့ ဒီ တာလတ်ပစ် ဒုံးကျည်ဟာ ကီလိုမီတာ ၃၀၀၀ နီးပါးအကွာအဝေးမှာရှိတဲ့ ပစ်မှတ်တွေကို ထိမှန်အောင်ပစ်ခတ်နိုင်တဲ့ စွမ်းရည်ရှိတော့ အိန္ဒိယ နိုင်ငံက ပစ်မှတ် ဆိုရင်လည်း မလွဲအောင် ပစ်ခတ်နိုင်တဲ့ သဘောရှိပါတယ်။

ဒီ Shaheen 1A ဒုံးကျည်ဟာ အရင်က စမ်းသပ်ခဲ့တဲ့ Shaheen ဒုံးကျည် ထက်ပိုကောင်းအောင် လုပ်ထားတယ်လို့ ပါကစ္စတန် အစိုးရက ပြောပါတယ်။

အိန္ဒိယ သမုဒ္ဒရာ အတွင်းမှာ ပြုလုပ်ခဲ့တဲ့ ဒီဒုံးကျည် စမ်းသပ်မှု အောင်မြင်ခဲ့တဲ့အတွက် ကာကွယ်ရေး အင်အားကို ပိုပြီး ခိုင်မာ တောင့်တင်း ကျစ်လစ်အောင် လုပ်ဆောင်နိုင်မှာ ဖြစ်တယ်လို့ ပါကစ္စတန်စစ်တပ်က ပြောဆို သွားပါတယ်။

ဒုံးကျည် တွေ ပစ်ခတ်ရာမှာ ပိုပြီး တိကျ တဲ့ နေရာ ကို ပစ်လာနိုင်အောင် ၊ နောက် ပိုပြီး ဝေးဝေးပစ်နိုင်အောင် ပါကစ္စတန် က လုပ်လာတာပါ။

ဒါဟာ ပါကစ္စတန်ရဲ့ လက်နက်အင်အားဟာလည်း ဒေသတွင်းက တခြားနိုင်ငံတွေ လိုပဲ အဆင့်တခု ရှိပါတယ် ဆိုပြီး ပြလိုက်တာ ဖြစ်တယ်လို့ သုံးသပ် နေကြပါတယ်။

တောင်အာရှဒေသတွင်းက နိုင်ငံတွေဟာ နျူကလီးယားလက်နက်အပြိုင်အဆိုင် တပ်ဆင်ဖို့ မလျှော့တမ်း ကြိုးစားနေတာပါ၊ဒါ့အပြင် မကြာခဏလုပ်လေ့ရှိတဲ့ စမ်းသပ်မှုတွေကလည်း တနိုင်ငံနဲ့ တနိုင်ငံ ခြိမ်းခြောက်တဲ့ သဘောတွေရှိနေပါတယ်။

မကြာသေးခင်ကပဲ ပါကစ္စတန်နဲ့ အိန္ဒိယ နှစ်နိုင်ငံ ကုန်သွယ်မှုတွေနဲ့ ပတ်သက်ပြီး ထူးခြားတဲ့ သဘောတူညီချက်တွေရထားပေမယ့် အခုလို ဒုံးကျည်စမ်းသပ်မှုတွေက နှစ်နိုင်ငံကြားမှာ စစ်ရေးအားပြိုင်မှုတွေ ရှိနေဆဲပဲ ဆိုတာကို ပြသလိုက်တာပါ