ဂျပန်အစိုးရ ဖိတ်ခေါ်ချက်နဲ့ UNFC ဂျပန်ရောက်

Image caption UNFC ဒုတိယဥက္ကဌ( ၂ ) ဖဒိုဒေးဗစ်သာကပေါ

လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ ၁၁ ခုပေါင်းစည်းထားတဲ့ UNFC ညီညွတ်သောတိုင်းရင်းသားများဖက်ဒရယ် ကောင်စီ က ကိုယ်စားလှယ်အဖွဲ့တခုဟာဂျပန်အစိုးရရဲ့ဖိတ်ကြားမှုနဲ့ မြန်မာနိုင်ငံအရေးဆွေးနွေးဖို့ ဂျပန်နိုင်ငံမှာ ရောက်ရှိနေ ပါတယ်။

ဂျပန်နိုင်ငံကို မြန်မာသမ္မတ ဦးသိန်းစိန် ရောက်ရှိစဉ်အတွင်း မြန်မာနိုင်ငံကို ODA ဖွံ့ဖြိုးရေးအထောက်အပံ့တွေ ပြန်ပေးမယ်လို့ ပြောခဲ့တာနဲ့ပတ်သက်လို့ တိုင်းရင်းသားများရဲ့ သဘောထားကို သိလိုတဲ့အတွက် ဂျပန်အစိုးရက သူတို့ ဖိတ်ခေါ် ဆွေးနွေးခဲ့တာလို့ အဲဒီအဖွဲ့ ခေါင်းဆောင်ဖြစ်တဲ့ UNFC ဒုဥက္ကဌ ၂ ဖဒိုဒေးဗစ်သာကပေါ ကပြောပါတယ်။

ODA ဖွံ့ဖြိုးရေးအထောက်အပံ့တွေကို စစ်ဒဏ်ကို နှစ်ပေါင်းများစွာ ခံနေရတဲ့ ဒေသက တိုင်းရင်းသားတွေအတွက်လည်း ပေးဖို့လိုကြောင်း၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲရုံနဲ့မပြီးပဲ အရှည်တည်တံတဲ့ ငြိမ်းချမ်းရေးဖြစ်ဖို့၊ တိုင်ရင်းသားတွေလိုချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး အတွက်မြန်မာအစိုးရကို တွန်းအားပေးဖို့ ဂျပန်အစိုးရကို တိုက်တွန်းပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရပြီးတဲ့နောက် မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ တထစ်တိုးလာတယ်လို့ ဂျပန်အစိုးရက ယူဆတဲ့အလျောက် အကူအညီတွေပေးဖို့ စဉ်းစားနေရာမှာ တိုင်းရင်းသားတွေဟာ အဓိကကျတဲ့ အခန်းကဏ္ဍက ပါဝင်တယ်ဆိုတာ သဘောပေါက်တဲ့အတွက် သူတို့ကို လိုလိုလားလား ခေါ်ယူမေးမြန်းခဲ့တာလို့ ဖဒိုဒေးဗစ်တာကပေါက ပြောပါတယ်။