ပြင်သစ်နိုင်ငံ ဒုတိယအကျော့ သမ္မတရွေးကောက်ပွဲကျင်းပ

ဓာတ်ပုံ မူပိုင် Reuters
Image caption မစ္စတာဟိုလွန်းဒ်က ယူရိုဇုန် ငွေကြေး အကျပ် အတည်းကို ပြန်လည် ညှိနှိုင်းမယ်

ပြင်သစ်နိုင်ငံနဲ့ အီးယူ ဥရောပသမဂ္ဂ တို့ရဲ့ အနာဂတ်အတွက် အလွန်တရာမှ အရေးကြီး တယ်လို့ ယူဆရတဲ့ ပြစ်သစ်နိုင်ငံ ဒုတိယအကျော့ သမ္မတရွေးကောက်ပွဲတွေ တနင်္ဂနွေနေ့မှာ ကျင်းပ ခဲ့ပါတယ်။

ပြင်သစ်နိုင်ငံတဝန်းလုံး တနင်္ဂနွေနေ့မှာ လေပြင်း တိုက် မိုးရွာပြီး ရာသီဥတု အခြေအနေ ဆိုးနေပေမယ့် မဲပေးသူတွေကတော့ ဒါကို မမှုပဲ မဲလာပေးခဲ့ကြတာ တွေ့ရပါတယ်။

ပဲရစ်မြို့က မဲရုံတခုမှာ လက်ရှိသမ္မတ နီကိုးလပ်စ် ဆာကိုဇီက ဇနီးသည်နဲ့ အတူ မဲပေးသွားခဲ့ သလို ပြိုင်ဘက် ဆိုရှယ်လစ် ပါတီက မစ္စတာ ဖရန်ဆွာ ဟိုလွန်းဒ် ကလည်း သူ့ရဲ့ နိုင်ငံရေး အချက်အချာ မြို့ဖြစ်တဲ့ Tulle မြို့မှာ မဲသွားပေးခဲ့ပါတယ်။

လက်ရှိသမ္မတ နီကိုလပ်စ် ဆာကိုဇီ နိုင်ဖို့ အလားအလာ ရှိနေပါသေးတယ်လို့ သူ့ကို ထောက်ခံ သူတွေက အခိုင်အမာ ပြောနေကြပေမယ့်၊ သူ့ပြိုင်ဘက် မစ္စတာ ဟိုလွန်းဒ်ဟာ လူကြိုက် များတဲ့ အတွက် အနိုင်ရမယ်လို့ ယူဆရပါတယ်။

ယူရိုဇုန် ငွေကြေး အကျပ်အတည်းနဲ့ ပတ်သက် ပြီး၊ သမ္မတ နီကိုးလပ်စ် ဆာကိုဇီနဲ့ ပြိုင်ဖက် ဖရန်ဆွာ ဟိုလွန်းဒ် တို့ရဲ့ ဖြေရှင်းမယ့် ပုံစံ တွေဟာ အကြီးအကျယ် ကွဲလွဲ နေတာ ဖြစ်ပါတယ်။

ဥရောပ အစိုးရတွေရဲ့ ကြွေးမြီ ပြဿနာတွေအပေါ် သမ္မတ ဆာကိုဇီက ကြားဝင်ဆောင်ရွက် ပြီး ရရှိထားတဲ့ သဘောတူချက်ကို မစ္စတာ ဟိုလွန်းဒ်က ပြန်လည် ညှိနှိုင်းဆောင်ရွက်မှုတွေ ပြုလုပ်ချင်နေတာ ဖြစ်ပါတယ်။

မစ္စတာ ဟိုလွန်းဒ်သာ ဒီရွေးကောက်ပွဲမှာ အနိုင်ရမယ် ဆိုရင် ၁၉၈၈ခုနှစ် ကစလို့ အခုချိန် အတွင်း ပြင်သစ်နိုင်ငံရဲ့ ပထမဆုံး ဆိုရှယ်လစ် ပါတီ သမ္မတ ဖြစ်လာပါလိမ့်မယ်။