ဂရိနိုင်ငံမှာ အစိုးရဖွဲ့ရေးကြိုးပမ်းမှု မအောင်မြင်သေး

ဓာတ်ပုံ မူပိုင် Reuters
Image caption လက်ဝဲအစွန်းရောက် ဆီရီဇာပါတီဟာ ခြိုးခြံ ချွေတာ ရေးကို သဘောမတူ

ဂရိသမ္မတ ကာရောလော့စ်ပတ်ပူးလက်စ် ဟာ အရေးပေါ် အစိုးရ ဖွဲ့စည်းရေး သဘောတူ ချက် ရရှိနိုင်ဖို့ အတွက် နောက်ဆုံး ကြိုးပမ်း တဲ့ အနေနဲ့ အဓိက ပါတီကြီး သုံးခုက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်။

ဆွေးနွေးပွဲ အပြီးမှာတော့ လက်ဝဲအစွန်းရောက် ပါတီ ဖြစ်တဲ့ ဆီရီဇာ ပါတီခေါင်းဆောင် အလက်စစ် ဆီးပရတ်စ် က သူ့အနေနဲ့ ဥရောပရဲ့ ချေးငွေ အကူအညီ ရရှိရေးကို လိုလားတဲ့ ညွန့်ပေါင်း အစိုးရအဖွဲ့မှာ ပါဝင်မှာ မဟုတ်သလို ထောက်ခံမှာလည်း မဟုတ်ကြောင်း သူ့သဘောထားကို ထပ်လောင်း ပြောကြားသွားပါတယ်။

ဂရိနိုင်ငံမှာ တင်းကျပ်တဲ့ ခြိုးခြံချွေတာရေး အစီအစဉ် ချမှတ်ကျင့် သုံးရေး အတွက် ဒီပါတီကြီးသုံးခု အကြားမှာ နက်နက်ရှိုင်းရှိုင်း ကွဲလွဲမှုတွေ ဖြစ်နေပါတယ်။

သမ္မတဟာ အခုတော့ ပါလီအမတ်နေရာတွေ အတွက် အနိုင်ရရှိ ခဲ့တဲ့ ပါတီငယ်တွေရဲ့ ခေါင်းဆောင် တဦးချင်းဆီနဲ့ တွေ့ဆုံ ဆွေးနွေးမယ်လို့ မျှော်လင့်ရပါတယ်။

သမ္မတရဲ့ အခုကြိုးပမ်းချက်ဟာ ရွေးကောက်ပွဲ ထပ်မလုပ်ရရေးအတွက် နောက်ဆုံး ကြိုးပမ်းချက်ဖြစ်ပါတယ်။

တကယ်လို့ ရွေးကောက်ပွဲ ပြန်ကျင်းပရရင်တော့ ဥရောပချေးငွေ ရရှိရေးကို ဆန့်ကျင်တဲ့ ပါတီက အနိုင်ရဖို့ အလားအလာ ရှိတာကြောင့် ဂရိဟာ ယူရိုဇုန်ကနေ ထွက်ခွာမယ့် အန္တရာယ် ရှိလာနိုင်တယ်လို့ အေသင်မှာရှိတဲ့ ဘီဘီစီ သတင်းထောက်က သုံးသပ်ပါတယ်။