ဂရိကို ယူရိုက မထုတ်

greece euro ဓာတ်ပုံ မူပိုင် AFP
Image caption ဂရိ ယူရိုဇုန်ထဲက ထွက်သွားဖို့ ဘယ်သူမှ မပြော

ဂရိ ကို ယူရို ဇုန်ထဲမှာ ဆက်ထားဖို့ အာမခံ တယ်လို့ ယူရို ဇုန် အဖွဲ့ ဥက္ကဋ္ဌ ယန်း ကလောက် ယန်ကာက ထပ်လောင်း အတည်ပြု ပြောကြား ခဲ့ပါတယ်။

ဒီ ဆုံးဖြတ်ချက်ကို ပြန်ပြင်လို့ မရဘူး၊ တနင်္လာနေ့ ဘဏ္ဍာရေး ဝန်ကြီးများ အစည်း အဝေး မှာလည်း ယူရိုဇုန်ထဲက ဂရိ ထွက်သွားဖို့ ဘယ်သူမှ မပြော ခဲ့ပါဘူးလို့ သူက ဆိုပါတယ်။

ဂရိမှာ အစိုးရသစ် အမြန်တက်လာဖို့ မျှော်လင့် တယ်လို့လည်း မစ္စတာ ယန်ကာ က ဆိုပါတယ်။

ဂရိ စီးပွားရေးကို ပြန်လည် တည်ဆောက်ဖို့ သိသိသာသာ ဆက်အားထုတ်ရ အုံးမယ်လို့လည်း သူက သတိပေး ခဲ့ပါတယ်။

ဒါပေမယ့် ဒီစီးပွားရေး ပြုပြင် ပြောင်းလဲရေး ချွေတာရေး မူဝါဒတွေကို ဂရိ မဲဆန္ဒရှင် အများစု က ပယ်ချ ခဲ့ကြ ပါတယ်။

ဂရိ မှာ အရေးပေါ် ညွန့်ပေါင်း အစိုးရ ဖွဲ့ဖို့ မနေ့က ညှိနှိုင်း ခဲ့ကြပေမယ့် တိုးတက်မှု မရှိခဲ့ ပါဘူး။

ကနေ့ အင်္ဂါနေ့မှာ ဆက်ပြီး ဆွေးနွေး ကြအုန်းမှာပါ။

အဓိက ပါတီ ကြီး အားလုံးက ခေါင်းဆောင်တွေကို ဂရိ သမ္မတ က ဆင့်ခေါ် ထားပြီး ချိုးခြံ ချွေတာရေး အစီအစဉ် နဲ့ ပတ်သက်ပြီး တိုင်းပြည်မှာ အကြီးအကျယ် သဘောထား ကွဲလွဲ နေတာကို စေ့စပ် ပြေအေးကြဖို့ နှိုးဆော် ထားပါတယ်။

ကနေ့ ဆွေးနွေးခဲ့တဲ့ အကြံပေးချက် တခုကတော့ နိုင်ငံရေး သမား မဟုတ်တဲ့ ပုဂ္ဂိုလ်ကြီး တွေနဲ့ ပညာရှင် အစိုးရ ဖွဲ့ဖို့ ဖြစ်ပါတယ်။

ကြာသပတေးနေ့ ထိ အဖြေ မထွက်နိုင်ရင်တော့ ရွေးကောက်ပွဲ အသစ် ထပ်လုပ်ရဖို့ ရှိပါတယ်။