ဂျာမနီ ဝန်ကြီးချုပ်ကို ဂရိ လက်ဝဲခေါင်းဆောင်က ဝေဖန်လိုက်

ဓာတ်ပုံ မူပိုင် bbc
Image caption တင်းကျပ်တဲ့ မူတွေ ဆက်ထားရင် ဥရောပ ဇုန်ကြီး ပျက်သွားမယ်လို့ Tsipras ပြော

ဂရိစ်နိုင်ငံမှာ လာမယ့်လမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ အခြေအနေကောင်းမယ့် ပုံရှိနေတဲ့ လက်ဝဲပါတီရဲ့ ခေါင်းဆောင် ဖြစ်သူ Alexis Tsipras က ဂျာမနီ ဝန်ကြီးချုပ် Angela Merkel ဟာ တင်းကျပ်တဲ့ မူတွေ ချမှတ်ပြီး လူတွေရဲ့ ဘဝကို ဖဲချပ်လို အကွက်ချ ကစားနေတယ်လို့ စွပ်စွဲ ပြောဆိုလိုက်ပါတယ်။

ဂရိစ်နိုင်ငံကို ဥရောပဇုန်အတွင်းမှာပဲ သူ့အနေနဲ့ ရှိနေစေလိုတယ်လို့ မစ္စတာ Tsiparas က ဘီဘီစီကို ပြောပါတယ်။

တကယ်လို့သာ တင်းကျပ်တဲ့ မူတွေ ဆက်ထားမယ်ဆိုရင် ဥရောပ ဇုန် လည်း ပျက်စီးယိုယွင်းသွားမှာ ဖြစ်ပြီး ဥရောပ သမဂ္ဂနဲ့ ကမ္ဘာ့ နိုင်ငံတွေကြားမှာ တည်ငြိမ်မှု မရှိတဲ့ ဆိုးဝါးတဲ့ ပြဿနာတွေ ပေါ်ပေါက်လာမယ်ဆိုတာကို သူ့အနေနဲ့ အခိုင်အမာ ယုံကြည်ထားတယ်လို့ မစ္စတာ Tsipras က ပြောသွားပါတယ်။

ဂရိစ်နိုင်ငံရဲ့ ဥရောပ မဟာမိတ်နိုင်ငံတွေ ဆီက ငွေကြေး အကူအညီ အများအပြား ရရေးအတွက် အပြန်အလှန်အားဖြင့် ဂရိစ်အစိုးရက လုပ်ပေးဖို့ ရှိတဲ့ အစိုးရ အသုံးစားရိတ် ဖြတ်တောက်မှုတွေကို မစ္စတာ Tsipras က အဆုံးသတ်စေလို နေတာပါ။

ဒါပေမယ့်လည်း တကယ်လို့ သူ့ပါတီ အနိုင်ရမယ် ဆိုရင် ဂရိစ်နိုင်ငံကို ဥရောပ ဇုန်ထဲကနေ အတင်း ဆွဲထုတ်နိုင်ဘွယ် ရှိတယ် ဆိုတဲ့ ထင်ကြေးပေး ပြောဆိုမှုတွေလည်း တိုးပွားလာ နေပါတယ်။

ဂရိစ်နိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ရလဒ်အဖြေ ရေရေရာရာ ထွက်ပေါ်မလာခဲ့တဲ့နောက်ပိုင်း အဓိက ပါတီကြီးတွေက ညွန့်ပေါင်းအစိုးရ အဖွဲ့ မဖွဲ့နိုင်ခဲ့တဲ့အတွက် အခု လောလောဆယ်မှာ ယာယီ အုပ်ချုပ်ရေး အဖွဲ့တဖွဲ့က အုပ်ချုပ်နေပါတယ်။