ချန်ဂွမ်ချန်း နိုင်ငံကူးလက်မှတ် ရတော့မယ်

ဓာတ်ပုံ မူပိုင် Reuters
Image caption မစ္စတာချန်း ဆေးကုသမှု ခံယူနေတဲ့ ဆေးရုံကို အရာရှိတွေလာရောက်တွေ့ဆုံ

တရုတ်နိုင်ငံက လူ့အခွင့်ရေး လှုပ်ရှားသူ မျက်မမြင် ရှေ့နေ ချန်ဂွမ်ချန်းနဲ့ သူ့မိသားစုကို လာမယ့် ၁၅ ရက်အတွင်း နိုင်ငံကူးလက်မှတ် ထုတ်ပေးဖို့ အာဏာပိုင်တွနဲ့ သဘောတူညီချက် ရရှိပြီလို့ မစ္စတာ ချန်းက ပြောကြားလိုက် ပါတယ်။

တရုတ်အရာရှိတွေဟာ သူဆေးကုသမှု ခံယူ နေတဲ့ ဆေးရုံကို လာရောက်ပြီး သူ့ကို တွေ့ဆုံခဲ့တယ်လို့ မစ္စတာချန်းက ပြောပါတယ်။

ဒါဟာ မစ္စတာချန်း အနေနဲ့ တိုင်းပြည်ကနေ မကြာခင် ထွက်ခွာနိုင်ငံတော့မယ် ဆိုတာကို ဖေါ်ပြနေတာ ဖြစ်တယ်လို့ ဘေဂျင်း ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

မစ္စတာချန်းဟာ နေအိမ် အကျယ်ချုပ် ကနေ ပြီးခဲ့တဲ့လက ထွက်ပြေး လွတ်မြောက်ပြီး ဘေဂျင်းမြို့ အမေရိကန်သံရုံးမှာ သွားရောက် ခိုလှုံခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် သူ့ကို အမေရိကန်မှာ ပညာ သင်ကြားခွင့်ပြုဖို့ တရုတ်နဲ့ အမေရိကန် အကြား သဘောတူခဲ့ ပြီးနောက် သံရုံးကနေ ပြန်လည် ထွက်ခွာလာခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် တက္ကသိုလ်တခုမှာ ပညာသင်ကြားဖို့ အတွက် ပညာသင်ဆု ရရှိထားတဲ့ မစ္စတာချန်းကို တိုင်းပြည်ကနေ ထွက်ခွာခွင့်ပြုဖို့ တရုတ်အာဏာပိုင်တွေကို အမေရိကန်က တိုက်တွန်းနေခဲ့တာ ဖြစ်ပါတယ်။