ပုဂ္ဂလိက အာကာသယာဉ် လွှတ်တင်မှု မအောင်မြင်

ဓာတ်ပုံ မူပိုင် Getty
Image caption အင်ဂျင်တလုံး ချို့ယွင်းမှု ဖြစ်ခဲ့တာကြောင့် အစီအစဉ်ပျက်

အမေရိကန် ပြည်ထောင်စု ပုဂ္ဂလိက ကုမ္ပဏီတခု ကနေ ပထမဦးဆုံး တည်ဆောက်ထားတဲ့ အာကာသ စူးစမ်း လေ့လာရေး ယာဉ်ကို အပြည်ပြည်ဆိုင်ရာ အာကာသ စခန်းဆီ လွှတ်တင် ခါနီး အချိန်မှာပဲ စက်ချို့ယွင်းမှုကြောင့် အစီအစဉ်ကို ဖျက်သိမ်း လိုက်ရပါတယ်။

လွှတ်တင်ဖို့ အချိန် ရေတွက်လို့ အပြီး တက်ခါနီး ဆဲဆဲမှာပဲ ဒုံးပျံမှာ တပ်ဆင်ထားတဲ့ ကွန်ပြူတာ ကနေ အင်ဂျင်တလုံးမှာ ဖိအားပေး စနစ် ချို့ယွင်းနေတယ် ဆိုတဲ့ သတိပေးချက် ထွက်ပေါ်လာခဲ့တာကြာင့် လွှတ်တင်ဖို့ မအောင်မမြင် ဖြစ်ခဲ့ရတာပါ။

ဖလော်ရီဒါပြည်နယ် Cape Canaveral အာကာသယာဉ် လွှတ်တင်ရေး စခန်းကနေ ဒီလွန်းပျံယာဉ်ကို ဒုံးပျံနဲ့ လွှတ်တင်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

ကယ်လီဖိုးနီးယားက space X ကုမ္ပဏီက တည်ဆောက်ထားတဲ့ မောင်းသူမဲ့ ဒီယာဉ်ဟာ အာဏာသစခန်း အတွက် အလေးချိန် တန်တဝက် ရှိတဲ့ အစားအသောက်နဲ့ ပစ္စည်းပစ္စယ တွေကို သယ်ဆောင် သွားဖို့ ဖြစ်ပါတယ်။

Space x ကုမ္ပဏီရဲ့ ဥက္ကဌကတော့ အာကာသ ခရီးစဉ်ဟာ မအောင်မမြင် ဖြစ်ရတာ မဟုတ်ကြောင်းနဲ့ လာမယ့် အပတ်မှာ ပြန်ပြီး လွှတ်တင်ဖို့ စီစဉ်မယ်လို့ ပြောပါတယ်။