ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး ပြည်ပခရီးစဉ်

ဓာတ်ပုံ မူပိုင် AP
Image caption ဘန်ကောက်မြို့ ကမ္ဘာ့စီးပွားရေး ဆွေးနွေးပွဲကို တက်ရောက်မှာ ဖြစ်တယ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဌ ကော့မှုးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၄ နှစ် အတွင်း ပထမဆုံး ပြည်ပခရီးစဉ် အဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို သွားရောက်မှာ ဖြစ်ပါတယ်။

ဘန်ကောက်မှာ မေလ ၃၀ ရက်နေ့ ကနေ ဇွန်လ ၁ ရက်နေ့ အထိ ကျင်းပမယ့် အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေး ဆွေးနွေးပွဲကို တက်ရောက်ဖို့ ဖြစ်တယ်လို့ NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းက ဘီဘီစီကို ပြောပါတယ်။

အဲဒီဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောလိမ့်မယ်လို့လည်း မျှော်လင့်ရပြီး၊ သမ္မတ ဦးသိန်းစိန်လည်း ဆွေးနွေးပွဲကို တက်ရောက်မှာ ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ်နောက်ပိုင်း အကျယ်ချုပ် ကြိမ်ဖန်များစွာ ကျခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက နိုင်ငံကနေ ထွက်ခွာခွင့် ပြုခဲ့ပေမယ့် နိုင်ငံကို ပြန်လာခွင့် မရမှာ စိုးလို့ ပြည်ပကို မထွက်ပဲ နေခဲ့တာ ၂၄ နှစ်ရှိပြီ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လအတွင်း ဂျီနီဗာက နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ် ညီလာခံမှာ မိန့်ခွန်းပြောကြားဖို့ ရှိသလို နော်ဝေ၊ ဗြိတိန်နဲ့ အိုင်ယာလန် နိုင်ငံတွေကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။