ဆီးရီးယား မနေ့က လူငါးဆယ်သေလို့ တိုက်ခံပြော

Homs ဓာတ်ပုံ မူပိုင် AFP
Image caption ဟုမ်းစမြို့ဟာ အုံကြွမှု စချိန်က စပြီး အတိုက်ခိုက် ခံရဆုံးမြို့

ဆီးရီးယား နိုင်ငံမှာ အချိန်ကြာလာတာနဲ့အမျှ အခြေအနေ ပိုဆိုးလာပုံပါ။

မနေ့က ဟွမ်းစမြို့မှာ တရက်ထဲ ခလေး ဆယ့် သုံးယောက် အပါအဝင် လူငါးဆယ်ကျော် အသတ် ခံခဲ့ရတယ်လို့ အတိုက်အခံတွေက ပြောပြီး တချို့ အလောင်းတွေရဲ့ လည်ပင်းမှာ ဓားရာတွေ တွေ့ရတယ်လို့ ကိုယ်တိုင် မြင် တွေ့ခဲ့သူတွေက ပြောပါတယ်။

ခုပြောတဲ့ အရေအတွက်သာ အတည်ဆိုရင် မနေ့က သေဆုံးမှုတွေဟာ တလအတွင်းမှာ တရက်ထဲ လူသေဆုံးမှု အများဆုံးပါ။

ဆီးရီးယားမှာ နိုင်ငံခြား သတင်းထောက်တွေ လွတ်လွတ်လပ်လပ် သတင်း မပို့နိုင်တဲ့ အတွက် ဒီအရေအတွက်ကို အတည်မပြုနိုင်ပါဘူး။

ဒါပေမယ့် ဟွမ်းစမြို့နားက ဟူလာဆိုတဲ့မြို့ကို ဘီဘီစီ သတင်းထောက် အရောက် သွားနိုင် ခဲ့ပြီး ကြားတဲ့ သတင်းတွေကို အတည်မပြု နိုင်ပေမယ့် ဒီသတင်းတွေ မှန်နိုင်တာကို ပြနေတဲ့ အထောက်အထားတွေ ရှိတယ်လို့ ပြောပြီး ခုဆိုရင် ဆီးရီးယားက ဒုတိယ အကြီးဆုံး မြို့ဖြစ်တဲ့ အလက်ပိုမြို့ဟာ တင့်ကားတွေ အဝိုင်းခံနေရတယ်လို့ သတင်းတွေ ရရှိကြောင်း ပြောပါတယ်။

အလက်ပိုကို တင့်ကားတွေ အဝိုင်းခံရတာ ခုအုံကြွမှုစတင်ပြီး နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်သလို ဒါအင်မတန်မှ အရေးပါပါတယ်။

ဘာလို့ဆိုဒီမြိုဟာ ဒုတိယအကြီးဆုံးမြို့ ဖြစ်သလို အုံကြွမှု စပြီးနောက်မှာ တိုက်ခိုက်မှု တွေဟာ ဒီလို မြို့ကြီးတခုကို ပထမဆုံး အကြိမ် အဖြစ် ကူးစက်လာတာ ဖြစ်ပါတယ်။

အလက်ပိုသာ အတိုက်အခံ သူပုန်တွေလက် ကျသွားရင် ဒါမှမဟုတ် ဒီမြို့ကို အစိုးရက မထိန်းနိုင်တော့ရင် ဆီးရီးယား အစိုးရအတွက် ဒမတ်စကတ် တမြို့ထဲပဲ ကျန်တော့မှာ ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ အရပါ ထိခိုက်စေနိုင်ပါတယ်။

တကယ်တော့ ဆီးရီးယားမှာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရှိနေတဲ့ကြားက နေ့စဉ်ရက်ဆက် တိုက်ခိုက် သေဆုံးမှုတွေ ဖြစ်နေတာကြောင့် အပစ်အခတ် ရပ်စဲရေးက စာရွက်ပေါ်သာ ရှိတဲ့ သဘော တူညီချက် ဖြစ်နေပါတယ်။

ရက်စတန်မြို့မှာ ဆိုရင် အစိုးရ တပ်တွေက နေ့စဉ်ရက်စက် စိန်ပြောင်းနဲ့ ပစ်နေပြီး သူပုန် တွေကလည်း မြို့ကို အစိုးရလက် ပြန်ပါမသွားအောင် ကျားကုပ်ကျားခဲ ခုခံနေပါတယ်။

အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်ကို ကုလသမဂ္ဂက ကြားဝင် ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပြီး အစိုးရရော သူပုန်ရော နှစ်ဘက်လုံးက သဘောတူပေမယ့်လည်း တိုက်ပွဲတွေ အရှိန် ကျမသွားခဲ့ပါဘူး။

ဆီးရီးယား ပဋိပက္ခ စတင်ချိန်ကနေ ကနေ့ထိ သေဆုံးသူပေါင်း တသောင်းထက်မနည်း ရှိသွားပြီဖြစ်ပြီး ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းကိုယ်တိုင်က ဆီးရီးယားမှာ တိုးတက်မှု မဖြစ် စလောက်ပဲ ရတယ်လို့ ပြောသွားပြီး အခြေအနေကို ခြုံကြည့်မယ်ဆိုရင် အင်မတန် စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေဆဲပဲလို့ မှတ်ချက် ပေးသွားပါတယ်။

တဆက်ထဲမှာ ဆီးရီးယား ပဋိပက္ခမှာ ဘယ်ဘက်ကိုမှ လက်နက်တပ်ဆင်ပေးတာ မလုပ် ဖို့လည်း သူက ပန်ကြားထားပါတယ်။