နေတိုး လေကြောင်းတိုက်ခိုက်မှု အရပ်သားတွေ သေဆုံး

ဓာတ်ပုံ မူပိုင် AP
Image caption ပက်တီရာမှာ အာဖဂန်တပ်ဖွဲ့တွေ အဓိက လုံခြုံရေး ယူထားတာ ဖြစ်ပါတယ်

အာဖဂန်နစ္စတန် အရှေ့ဘက်ပိုင်းမှာ နေတိုး တပ်ဖွဲ့ရဲ့ လေကြောင်းက တိုက်ခိုက်မှုကြောင့် မိသားစု တခုတည်းက မိသားစုဝင် အနည်းဆုံး ၇ ဦးလောက် သေဆုံးသွားတယ် လို့ အာဖဂန် အရာရှိတွေက ပြောပါတယ်။

ပက်တီရာ ပြည်နယ်ချုပ်ရေးမှူး ပြောခွင့်ရသူက ဘီဘီစီကို ပြောပြရာမှာ သေဆုံးသွားသူတွေ ထဲမှာ ကလေး ၆ ယောက်နဲ့ မိခင် တဦး ပါတယ်လို့ ဆိုပါတယ်။

ဒီမိသားစုနေတဲ့ ရွာဟာ မနေ့ညက ဗုံးကျဲခံလိုက်ရတာဖြစ်တယ်လို့လည်း သူကပြောပါတယ်။

နေတိုးဦးဆောင်တဲ့ နိုင်ငံတကာ တပ်ဖွဲ့ ပြောခွင့်ရသူကတော့ သူတို့တပ်ဖွဲ့တွေဟာ အဲဒီ နယ်မြေဘက်မှာ ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးတခုမှာ ပါဝင်ခဲ့တယ်ဆိုပါတယ်။

စစ်ဆင်ရေးမှာ သူပုန်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားနေတဲ့အချိန်မှာ နေတိုးတပ်ဖွဲ့ ဘက်ကနေ လေကြောင်းအကူအညီတောင်းခံခဲ့တယ်လို့လည်း သူကပြောပါတယ်။

အာဖဂန်မှာ နိုင်ငံခြား တပ်ဖွဲ့တွေကြောင့် အရပ်သားတွေ သေဆုံးရတဲ့ ကိစ္စဟာ အင်မတန်မှကို အထိအခိုက် မခံတဲ့ ကိစ္စ ဖြစ်ပါတယ်။