ဆီးရီးယားကို လုံခြုံရေးကောင်စီ ရှုံ့ချ

syria ဓာတ်ပုံ မူပိုင် AFP
Image caption ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ

ဆီးရီးယား နိုင်ငံမှာ ရှိတဲ့ ကုလသမဂ္ဂ စောင့်ကြည့်ရေး အဖွဲ့ရဲ့ အကြီးအကဲ ဖြစ်တဲ့ ဗိုလ်ချုပ် ရောဘတ် မုဒ်က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ဟိုလာမြို့မှာ ဖြစ်ခဲ့တဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုနဲ့ ပတ်သက်လို့ အစီရင်ခံ ခဲ့ပါတယ်။

အဲဒီ သတ်ဖြတ်မှုဟာ ဆီးရီးယား အစိုးရ တပ်ဖွဲ့တွေရဲ့ လက်နက်ကြီး တွေသုံးပြီး တိုက်ခိုက်ခဲ့ မှုကြောင့် ဖြစ်ပြီး၊ ကလေး သူငယ်တွေ အပါအဝင် အများအပြား သေကြေခဲ့ရတဲ့ အကြောင်းကို ဗိုလ်ချုပ်မုဒ်က ပြောကြားခဲ့တဲ့ အကြောင်း အဲဒီမှာ ရှိတဲ့ ဗြိတိသျှ သံအမတ်က ဘီဘီစီကို ပြောပါတယ်။

အဲဒီလို အရပ်သူ အရပ်သား တွေသေကြေ ပျက်စီးမှုဟာ ဆီးရီးယား အစိုးရတပ်တွေက လူနေရပ်ကွက် တွေကိုပစ်ခတ် ခဲ့တာကြောင့် ဖြစ်တဲ့ အတွက် လုံခြုံရေး ကောင်စီက အဲဒါ နဲ့ ပတ်သက်လို့ ကြေငြာချက် တရပ် ထုတ်ပြန်ပြီး ပြစ်တင် ရှုံ့ချ လိုက်ပါတယ်။

ဒီကြေညာချက် ထဲမှာ အရပ်သား ပြည်သူတွေ အပေါ်မှာ ပြင်းထန်စွာ အင်အားသုံးစွဲ တိုက်ခိုက်တာဟာ နိုင်ငံတကာ ဥပဒေတွေ သာမကဘဲ ဆီးရီးယား အစိုးရက လူနေထူထပ် တဲ့ နေရာတွေကို လက်နက်ကြီး တွေနဲ့ မတိုက်ခိုက်ဖို့ အတွက် လိုက်နာဖို့ ကတိ ပေးထားတဲ့ လုံခြုံရေး ကောင်စီရဲ့ ပြဌာန်းချက် တွေကိုလည်း ချိုးဖောက်ရာ ရောက်ကြောင်း နဲ့ လုံခြုံရေး ကောင်စီ အဖွဲ့ဝင်တွေက အခုဖြစ်နေတဲ့ တိုက်ခိုက်မှု တွေကို အဆုံးသတ်ဖို့ နှစ်ဘက်စလုံးကို တောင်းဆိုကြောင်းတွေ ပါဝင် ပါတယ်။

ဆက်လက်ပြီး အခုလို အရပ်သား ပြည်သူတွေ အပေါ်မှာ အင်အားသုံးပြီး တိုက်ခိုက် နေတာဟာ လက်မခံနိုင်စရာ ဖြစ်ကြောင်း နဲ့ ဒီ အတွက် တာဝန် ရှိသူ တွေကို လည်း ဖော်ထုတ် သွားမယ်လို့ ဆိုထားပါတယ်။

ဆီးရီးယား အစိုးရ ကိုလည်း လူနေထူထပ်တဲ့ နေရာတွေ ကနေ တပ်ဖွဲ့တွေကို ချက်ခြင်း ပြန်လည် ရုတ်သိမ်း သွားဖို့ အတွက် ကိုလည်း တောင်းဆိုလိုက် ပါတယ်။

ဒီ ကုလသမဂ္ဂ က လုံခြုံရေး ကောင်စီက ထုတ်ပြန်လိုက်တဲ့ ကြေညာချက် နဲ့ပတ်သက်ပြီး ကုလသမဂ္ဂ ဆိုင်ရာ ဆီးရီးယား သံအမတ်ကတော့ ဒါဟာ လုံခြုံရေးကောင်စီ အဖွဲ့ဝင် တချို့ရဲ့ ဆူနာမီ လို ကြီးမားတဲ့ လိမ်လုံး ကြီးတွေ ဖြစ်တယ်လို့ ဆိုပြီး ရှုံ့ချ လိုက်ပါတယ်။

ဆီးရီးယား သံအမတ် မစ္စတာ ဂျာ အာဖာရီက ဟိုလာ မြို့မှာ အရပ်သူ အရပ်သားတွေ အများအပြား အသတ်ခံခဲ့ရတယ် ဆိုတာက ဟုတ်မှန်ကြောင်း ပြောပေမယ့် ဒီအပေါ်မှာ ဆီးရီးယား အစိုးရ ဘက်က တပ်ဖွဲ့တွေကို အပြစ်ပုံချတာ ကတော့ သနားစရာတောင် ကောင်းနေကြောင်း ပြောပါတယ်။

သူက အဲဒီ သေဆုံးခဲ့ရသူ တွေထဲက အများစုဟာ လက်နက်ကြီး တွေနဲ့ ပစ်ခတ် ခံရလို့ သေဆုံး ခဲ့တာ မဟုတ်ကြောင်း နဲ့ အနားကပ်ပြီး လုပ်ကြံ သတ်ဖြတ် ခံခဲ့ရတာ ဖြစ်ကြောင်း တွေကို ပြောကြား သွားပါတယ်။