ဆီးရီးယားမှာ လူ ၉၀ ကျော်သတ်ဖြတ်ခံရ

syria
Image caption ဆီးရီးယားက သတ်ဖြတ်ခံခဲ့ ရသူများ

ဆီးရီးယား နိုင်ငံက ဟိုလာမြို့ အတွင်းမှာ လူပေါင်း ၉၀ ကျော်လောက် သတ်ဖြတ် ခံခဲ့ ရတယ်လို့ အဲဒီက ကုလသမဂ္ဂ စောင့်ကြည့်သူ တွေက အတည်ပြု ပြောကြား လိုက်ပါတယ်။

ဆီးရီးယား မှာရှိတဲ့ ကုလသမဂ္ဂ အဖွဲ့ရဲ့ အကြီးအကဲ ဖြစ်တဲ့ ဗိုလ်ချုပ် ရောဘတ်မုဒ်က ဘီဘီစီကို ပြောကြားရာ မှာတော့ သူရဲ့ စောင့်ကြည့်ရေး အဖွဲ့ဝင် တွေက လူရေတွက် ခဲ့ရာမှာ အဲဒီ အထဲမှာ အသက် ၁၀ နှစ်အောက် ကလေး ၃၂ ယောက် ပါဝင် တာကို တွေ့ခဲ့ ရတယ်လို့ ဆိုပါတယ်။ အဲဒီ ကလေးငယ်တွေ အပြင် လူကြီး အယောက် ၆၀ လောက်လည်း သေဆုံး ခဲ့ရတယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး ပြောကြား ရာမှာ အဲဒီ နေရာမှာ ရှိတဲ့ ပစ်ခတ် ခံထားရတဲ့ နေရာတွေက ကျည် အပိုင်းအစ တွေ အရ လက်နက်ကြီး နဲ့ တင့်ကား တွေက လူနေတဲ့ ရပ်ကွက်ကို ပစ်ခတ် ခဲ့တာ ဖြစ်ကြောင်း ပြောပါတယ်။

အစိုးရ ဆန့်ကျင်သူတွေ ကတော့ ဒါဟာ ဆီးရီးယား အစိုးရရဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုပဲ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။