Mobi-Geno နဲ့ ဂရမ်မီပွဲတက် မြန်မာများ

grammy
Image caption ဂရမ်မီဆုပေးပွဲတက်ခဲ့တဲ့ မြန်မာအဆိုတော်များ

ကမ္ဘာ့ ဂီတ လောကမှာ အထင်ရှားဆုံး ဆုပေးပွဲ ဖြစ်တဲ့ ဂရမ်မီ ဆုပေးပွဲ အကြောင်း ၊ ဒီပွဲကို တက်ရောက်လာတဲ့ ပထမဆုံး မြန်မာ အဆိုတော် တွေရဲ့ အတွေ့အကြုံနဲ့ ဆုရ သီချင်းတွေ အကြောင်း တင်ပြထားပါတယ် ။

၂ဝ၁ဝ ဂရမ်မီ ဆုပေးပွဲကို ဇန္နဝါရီလ ၃၁ရက် California ပြည်နယ် Los Angelese မြို့မှာ ကျင်းပခဲ့ပါတယ် ။

မြန်မာ အဆိုတော် တွေဖြစ်တဲ့ ကဗျာဘွဲ့မှူး ၊ မီးမီးခဲ ၊ ဆုန်သင်းပါရ်နဲ့ ထူးအယ်လင်း တို့လည်း ဒီဆုပေးပွဲကို တက်ရောက်ခွင့် ရခဲ့ကြပါတယ် ။

ဂီတပေါ်မှာ အခြေခံပြီး ဆုအမျိုးအစားပေါင်း ၁ဝဝ ကျော် ပေးရာမှာ မြန်မာ ပရိတ်သတ်တွေ သိကြတဲ့ အဆိုတော်တွေနဲ့ သူတို့ရဲ့ သီချင်းတွေလည်း အများအပြား ဆုရသွားပါတယ် ။

ဆုအများဆုံး ဆွတ်ခူးသွားသူတွေကတော့ Pop နဲ့ RNB အဆိုတော် Beyonce က ဆု ၆ဆု ၊ Country အဆိုတော် Taylor Swift က လေးဆု ၊ Black Eyed Peas ၊ Kings of Leon ၊ Jay Z တို့က သုံးဆုစီနဲ့ Lady Gaga ၊ Eminem တို့က နှစ်ဆုဆီ ဆွတ်ခူးခဲ့ပါတယ် ။

မြန်မာ အဆိုတော်တွေ ဒီဆုပေးပွဲ တက်ခွင့်ရအောင် လုပ်ဆောင် ပေးခဲ့သူကတော့ iLoveMyanmar ပရဟိတ အဖွဲ့က မလယ်ဗီ ဖြစ်ပါတယ် ။

ဟောလီးဝုဒ် မိတ်ဆွေ တွေက တဆင့် လက်မှတ်တွေ ရထားတဲ့ မလယ်ဗီက မြန်မာပြည် နာဂစ် မုန်တိုင်း ဘေးသင့် သူတွေကို ကူညီရင်း ခင်မင်ခဲ့ရတဲ့ ဒီအဆိုတော် တွေကို ဖိတ်ခေါ် ခဲ့တာပါ ။

အဆိုတော် ကဗျာဘွဲ့မှူးက ဂရမ်မီ ဆုပေးပွဲ ခန်းမထဲမှာ ဖျော်ဖြေ တင်ဆက်မှု တွေကို ကြည့်ရတာ အိပ်မက် ကမ္ဘာလေးထဲ ရောက်နေသလို ခံစားရတယ်လို့ ပြောပါတယ် ။

မီးမီးခဲကလည်း ဂရမ်မီပွဲ တင်ဆက်မှု တွေထဲက Bon Jovi ကို ကြိုက်သလို Pink ရဲ့ ဖျော်ဖြေမှုမှာ လေထဲမှာ ဂျွန်းဘား ထိုးရင်း သီချင်းဆို ပေမယ့် အသံ လုံးဝ ယိုင်မသွားတာကို သဘောကျခဲ့တယ်လို့ ပြောပါတယ် ။

ဒီအဆိုတော် တွေရဲ့ သီချင်းတွေ နားထောင်ရ ၊ ဖျော်ဖြေမှု တွေကို ကြည့်ရတာဟာ ဖန်တီးလိုတဲ့ စိတ်ခွန်အားတွေ ရလာတယ် လို့လည်း မီးမီးခဲက ပြောပါတယ် ။

ဂရမ်မီဆုပေးပွဲတက်ခဲ့တဲ့ အဆိုတော်တွေကို Mobi-Geno အစီအစဉ်အတွက် ကိုမိုးမြင့်က ဆက်သွယ်မေးမြန်း တင်ဆက်ထားပါတယ်။