အထူး ဆက်ဆံရေး အရေးကြီးလို့ အိုဘားမားပြော

David Cameron and Obama
Image caption ဒေးဗစ် ကင်မရွန်နဲ့ အိုဘာမား နောက်ပိုင်း သတင်းထောက်တွေကို ဖြေကြားစဉ်

အမေရိကန်နဲ့ ဗြိတိန်တို့ရဲ့ အထူး ဆက်ဆံရေးဟာ နှစ်နိုင်ငံ လုံခြုံရေး၊ သာယာဝပြောရေး အတွက် မရှိ မဖြစ် အရေးပါတယ်လို့ အမေရိကန် သမ္မတ အိုဘားမားက ပြောလိုက်ပါတယ်။

ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်ရဲ့ ပထမဆုံး အမေရိကန် ခရီးမှာ အမေရိကန်နဲ့ ဗြိတိန်ကြားမှာ ပြောစရာ ဖြစ်လာနေတဲ့ ကိစ္စရပ် တချို့ကို အရေးတကြီး ဆွေးနွေးရဖို့ ရှိနေပါတယ်။

အာဖဂန် စစ်ပွဲ၊ ကမ္ဘာ့စီးပွားရေးနဲ့ ပတ်သက်တဲ့ ပေါ်လစီနဲ့ ဗြိတိသျှ ရေနံ ကုမ္ပဏီ ဘီပီရဲ့ ရေနံ ယိုစိမ့်မှု ကိစ္စတွေဟာ နှစ်နိုင်ငံကြား အစွန်းအထင်း ဖြစ်စေတဲ့ ကိစ္စရပ်တွေပါ။

ဗြိတိသျှ ဝန်ကြီးချုပ်တိုင်း အတွက် ပထမဆုံး အမေရိကန် ခရီးစဉ်မှာ လေးလေးနက်နက် သဘောထား ဆက်ဆံခံရရေးဟာ အရေးကြီးသလို နှစ်နိုင်ငံကြားက အထူး ဆက်ဆံရေးကိုလည်း တခါ ထပ်အတည်ပြုနိုင်ဖို့ အင်မတန် အရေးကြီးပါတယ်။

ဒေးဗစ် ကင်မရွန်ကလည်း ဗြိတိန်ဟာ အမေရိကန်ရဲ့ ဂျူနီယာ ပါတနာ ဆိုတာကို ဝန်ခံ အသိအမှတ် ပြုပေမယ့် ဗြိတိန် အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီး ကိုယ့်အမျိုးသား အကျိုးစီးပွား အတွက် လိုအပ်ရင် ကိုယ်ဘာ့သာကိုယ် ရပ်တည်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒေးဗစ် ကင်မရွန်က သဘော မတူတာတွေကို မတူတဲ့ အလျောက် ကောက်ချက်ချမယ်လို့ ပြောနေပေမယ့်လည်း အမေရိကန် ရောက်ပြီးနောက်မှာ အရင်က ငြင်းထားတဲ့ အမေရိကန်ရဲ့ တောင်းဆိုချက် တခုကို လိုက်လျောဖို့ သဘောတူခဲ့ပါတယ်။

အဲဒါကတော့ လော်ကာဘီ ဗုံးသမား လစ်ဗျား နိုင်ငံသား မက်ဂရာဟီကို ပြန်လွှတ်ပေးမှုမှာ ဗြိတိသျှ ရေနံ ကုမ္ပဏီ ဘီပီအတွက် အကျိုး အမြတ်ကို မျှော်ပြီး လုပ်ဆာင်ခဲ့တာ ဆိုတဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်ပြီး အမေရိကန် လွှတ်တော် အမတ်တွေက စစ်ဆေးမှု လုပ်ဖို့ တောင်ဆိုထားတာကို လက်ခံ သဘောတူလိုက်တာ ဖြစ်ပါတယ်။

ဘယ်ဗြိတိသျှ ဝန်ကြီးချုပ် အတွက်မဆို ပထမဆုံး အမေရိကန် ခရီးဟာ အရမ်း အရေးကြီးပြီး ဒေးဗစ် ကင်မရွန် အနေနဲ့ လစ်ဗျား နိုင်ငံသားကို ဗြိတိန်က လွတ်ရက် မစေ့ခင် လွှတ်ပေးမှုနဲ့ ပတ်သက်ပြီး အထက်လွှတ်တော် အမတ်တွေ သိချင်တာကို မဖြေဘဲနေရင် သူ့ခရီးစဉ် အဆင်ချောဖို့ မလွယ်တာကို သဘောပေါက်ပြီး လက်ခံတာ ဖြစ်နိုင်တယ်လို့ ဒီစီက ဘီဘီစီ သတင်းထောက် ပေါအာဒမ်က ဆိုပါတယ်။

ဒါကို ကြည့်ရင်ကို နှစ်နိုင်ငံ အထူးဆက်ဆံရေးဟာ မှတ်ကျောက်တင် ခံရမဲ့ အနေအထား၊ အချိန်ကို ရောက်နေပြီလို့လည်း ပြောပါတယ်။

နှစ်နိုင်ငံ စလုံးဟာ အာဖဂန် နစ္စတန်မှာ အင်မတန်မှ ခက်ခဲတဲ့ စစ်ပွဲနဲ့ ရင်ဆိုင်နေရပြီး ဘယ်အချိန်မှာ တပ်တွေကို ပြန်ရုပ်သိမ်းရင် ကောင်းမလဲဆိုတာ နှစ်ယောက်စလုံးက အဖြေတခုခု ရချင်နေပါတယ်။

အိုဘားမားက ရှေ့နှစ်ဆန်းလောက်မှာ တပ်တွေက စရုပ်သိမ်းချင်တဲ့ သဘော ပြောနေပြီး ဒေးဗစ် ကင်မရွန်ကတော့ ၂၀၁၄ လောက်မှာ စရုပ်သင့်တဲ့ သဘော ပြောနေပါတယ်။

ဒီတော့ ဘယ်လို အခြေအနေမျိုးမှာ တပ်တွေ စရုပ်သင့်သလဲ ဆိုတာကို နှစ်ဘက် ခေါင်းဆောင်တွေ သဘောတူဖို့ အရေးကြီးနေတယ်လို့ ဘီဘီစီ သတင်းထောက်က မှတ်ချက်ပေး ပြောသွားပါတယ်။