ငွေလဲနှုန်းကိစ္စ ဂျီ ၂၀ မှာအဓိက ပြောစရာဖြစ်

currency
Image caption ဂျီ ၂၀ စည်းဝေးပွဲ ကာလ အတွင်း ငွေအတက်အကျ ကြမ်းနိုင်လို့ လေ့လာသူတွေ သတိပေး

တောင်ကိုရီးယား နိုင်ငံက ဂျီ ၂၀ ထိပ်သီး စည်းဝေးပွဲမှာ ငွေလဲလှယ်နှုန်း ကိစ္စဟာ အဓိက ဆွေးနွေးစရာ ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။

ငွေလဲလှယ်နှုန်း ပေါ်လစီ ကိစ္စနဲ့အတူ ကမ္ဘာ့ ထိပ်သီး စီးပွားရေး နိုင်ငံကြီး နှစ်နိုင်ငံ ဖြစ်တဲ့ တရုတ်နဲ့ အမေရိကန်တို့ရဲ့ ငွေကြေး စစ်ပွဲဟာ နှစ်ဘက် တင်းမာမှုတွေကို ပိုဆိုးလာစေနိုင်တယ် ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

အမေရိကန်နဲ့ တရုတ် ကုန်သွယ်ရာမှာ တရုတ်ဘက်က အမြဲတန်း ပိုငွေ ပြနေပြီး အမေရိကန်ဘက်က အမြဲတန်း လိုငွေ ပြနေခဲ့တာ ဖြစ်ပါတယ်။

အဲဒိအတွက် အမေရိကန်က တရုတ်ငွေကို တန်ဖိုး တက်စေချင်ပြီး ဒီကုန်သွယ်ရေး လိုငွေပြမှုကို ပြန်ဖာထေးဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

အမေရိကန်က တရုတ်ဟာ သူ့ပိုက်ဆံကို တန်ဖိုးမတက်အောင် တမင် လုပ်ထားတယ်လို့ စွပ်စွဲနေသလို တရုတ်တင်မက တခြားနိုင်ငံတွေ၊ အထူးသဖြင့် ဂျာမနီကလည်း အမေရိကန်ဟာလည်း ပိုက်ဆံသစ်တွေ ရိုက်ထုတ်ပြီး သူ့ပိုက်ဆံကို တန်ဖိုး ချပစ်နေတယ်လို့ ပြန်စွပ်စွဲနေပါတယ်။

အမေရိကန်နဲ့ တရုတ်တင်မက တခြား နိုင်ငံတွေ ခုလို ကိုယ့်ပိုက်ဆံ ကိုယ်အပြိုင် တန်ဖိုးချနေတာဟာ တင်းမာမှုတွေ ဖြစ်စေပြီး ကိုယ့်စျေးကွက်ကို ကာကွယ်တာ၊ လွတ်လပ်စွာ ကုန်သွယ်မှုကို ထိခိုက်စေတဲ့ထိ ဖြစ်လာနိုင်တာကို စိုးရိမ်ရတယ်လို့ ကမ္ဘာ့ဘဏ် ဥက္ကဌ ရောဘတ် ဇိုးလစ်က ပြောပါတယ်။

တဘက်မှာ တရုတ်က နောင်ငါးနှစ်အတွက် စီးပွားရေး ပေါ်လစီမှာ ပို့ကုန် ဦးစားပေးတဲ့ ပုံစံကနေ ပြည်တွင်း သုံးစွဲမှုကို သိသိသာသာ မြှင့်တင်တဲ့ အပိုင်းကို ဇောင်းပေးဖို့ စီစဉ်လာတာကို အကောင်းမြင်တယ်လို့ ပြောပါတယ်။

အမေရိကန် သမ္မတ အိုဘားမားကလည်း ကုန်သွယ်ရေး မညီမျှမှုတွေကို တည့်မတ်အောင် ပြန်လုပ်ဖို့ အရေးကြီးပုံနဲ့ ကမ္ဘာ့ စီပွားရေး အရှိန်အဟုန်နဲ့ ပြန်တိုးတက်လာဖို့ အမေရိကန် တနိုင်ငံထဲကို အားမကိုးဖို့ ပြောသွားခဲ့ပါတယ်။

ဘရာဇီး သမ္မတကလည်း ချမ်းသာတဲ့ နိုင်ငံတွေက တင်ပို့တာလုပ်ပြီး ပိုက်ဆံပဲ စုနေရင် တကမ္ဘာလုံး မွဲပြာကျသွားမယ်လို့ သတိပေးခဲ့ပါတယ်။