အီရန် နျူကလီးယား သိပ္ပံပညာရှင် လုပ်ကြံခံရ

ဓာတ်ပုံ မူပိုင် no credit
Image caption အခင်းဖြစ်ပွားတဲ့ နေရာကို အီရန်ရဲတွေ စစ်ဆေးနေပုံ

အီရန်နိုင်ငံ တီဟီရန်မြို့မှာ ကားဗုံးဖေါက်ခွဲ တိုက်ခိုက်မှုတခုအတွင်း တီဟီရန် တက္ကသိုလ် ရဲ့ ပါမောက္ခလည်းဖြစ်၊ အီရန် နျူကလီးယားစီမံကိန်းမှာ အရေးပါတဲ့ နက်တက်ဇ်မြို့ ယူရေနီယမ် သန့်စင်ရေး ဌာနတခုရဲ့ ညွှန်ကြားရေးမှူးလည်း ဖြစ်တဲ့ Mostafa Ahmadi Rowshan မွတ်စတာဖါ အမာဒီ ရိုရှန် သေဆုံးသွားပါတယ်။

အီရန် နျူကလီးယား သိပ္ပံ ပညာရှင်တွေ လုပ်ကြံတိုက်ခိုက်ခံရတာ ဒါဟာ ပြီးခဲ့တဲ့ ၂နှစ်အတွင်း ၄ကြိမ်မြောက် ဖြစ်ပါတယ် ။

ဒီတိုက်ခိုက်မှုတွေအားလုံးဟာ အစ္စရေးနဲ့ အနောက်အုပ်စုနိုင်ငံတွေရဲ့ လက်ချက်ဖြစ်တယ် ဆိုပြီး အီရန်အစိုးရက စွပ်စွဲထားပါတယ်။

အခု မွတ်စတာဖါ အမာဒီ ရိုရှန် လုပ်ကြံခံခဲ့ရချိန်ဟာ အီရန်နဲ့ အနောက်အုပ်စုနိုင်ငံတွေ အကြား တင်းမာမှုတွေ တိုးပွား မြင့်တက်လာနေချိန်လည်း ဖြစ်ပါတယ်။

အနောက်အုပ်စုနိုင်ငံတွေက အီရန် ဗဟိုဘဏ်နဲ့ လောင်စာဆီ တင်ပို့မှု တွေအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ လုပ်ထားသလို အီရန်ဘက်ကလည်း ပင်လယ်ကွေ့ဒေသက ဟောမုဇ် ရေလက်ကြားကို ပိတ်ပစ်မယ်လို့ ပြန်ခြိမ်းခြောက်ထားပါတယ်။

အခုဒီတိုက်ခိုက်မှုဟာလည်း အစ္စရေးတို့ရဲ့ လက်ချက်ဖြစ်တယ်ဆိုပြီး အီရန်ဘက်က ထပ်မံ စွပ်စွဲလိုက်ပြီး မော့ဆာ့ဒ် ထောက်လှမ်းရေး အဖွဲ့က လုပ်ခဲ့တာဆိုတဲ့ သံသယတွေ ပေါ်ထွက် နေပါတယ်။

မွတ်စတာဖါ အမာဒီ ရိုရှန်ရဲ့ ကားမှာ မော်တော်ဆိုင်ကယ် မောင်းသူတဦးက ဗုံးတပ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အီရန်သတင်း မီဒီယာတွေမှာ ဖေါ်ပြထားပါတယ်။

ဒီတိုက်ခိုက်ပုံနည်းဟာ အရင်က တခြား အီရန် နျူကလီးယား သိပ္ပံ ပညာရှင်တွေကို တိုက်ခိုက်ခဲ့ပုံနည်းတွေနဲ့ အတော်လေးကို ဆင်တူ နေတယ်လို့ တီဟီရန် မြို့တော်ဝန်နဲ့ တခြား အီရန် လုံခြုံရေး တာဝန်ရှိ ပုဂ္ဂိုလ်တွေက ထောက်ပြခဲ့ကြပြီး ဒီတိုက်ခိုက်မှုမှာ အစ္စရေး ပါဝင်ပတ်သက်နေတယ် ဆိုပြီး စွပ်စွဲ ပြောဆိုလိုက်ပါတယ်။

အခု ဒီလုပ်ကြံ တိုက်ခိုက်မှုဟာ နောက်အီရန် သိပ္ပံပညာရှင်တဦးဖြစ်တဲ့ မက်ဆွဒ် အာလီ မိုဟာမက် လုပ်ကြံခံခဲ့ရအပြီး ၂နှစ်နီးပါး အချိန်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ဒါဟာ မတော်တဆ တိုက်ဆိုင်တာမျိုး မဖြစ်နိုင်ဘူးလို့ အီရန် သတင်းအေဂျင်စီတခုမှာ ဖေါ်ပြထားပါတယ်။

အဲဒီလုပ်ကြံတိုက်ခိုက်မှုအတွက် အီရန်လူမျိုးတဦးကို အစ္စရေး မော့ဆာ့ဒ် ထောက်လှမ်းရေး အဖွဲ့က ငွေပေး ခိုင်းစေခဲ့တာဆိုပြီး အီရန် အာဏာပိုင်တွေက သူ့ကို သေဒဏ် အပြစ်ပေးခဲ့ ပါတယ်။

အစ္စရေးဘက်ကတော့ ဘာမှ တုန့်ပြန်ပြောဆိုတာမျိုးမရှိခဲ့ပါဘူး။

ဒါပေမယ့်လည်း အီရန်အစိုးရအပေါ် ဆန့်ကျင်လှုပ်ရှားမှုတွေကို ထောက်ခံတယ်ဆိုတဲ့ အကြောင်း အစ္စရေး တာဝန်ရှိ ပုဂ္ဂိုလ်တွေက အရိပ်အမြွက် ပြောခဲ့ပါတယ်။

မနေ့တုန်းကပဲ အစ္စရေး စစ်တပ် အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး Benny Gantz က အခုနှစ်ဟာ ဖြစ်ရိုးဖြစ်စဉ် မဟုတ်တဲ့ ဖြစ်ရပ်တွေ ဖြစ်လာနိုင်တာမို့ အီရန်နိုင်ငံအတွက်ရော အီရန်နျူကလီးယား စီမံကိန်းအတွက်ပါ အရေးပါတဲ့ နှစ် ဖြစ်လာနိုင်တယ်လို့ အစ္စရေး ပါလီမာန်ကို ပြောသွားပါတယ်။