ကမ္ဘာ့ဖလားမှာ သုံးမယ့် Adidas Telstar 18 ဘောလုံး

ဓာတ်ပုံ မူပိုင် AFP
Image caption Adidas Telstar 18 ဘောလုံး မိတ်ဆက်ပွဲက အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီ

ကမ္ဘာကျော် အားကစား ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်တဲ့ Adidas ဟာ ဒီနှစ် ကမ္ဘာ့ဖလားမှာ အသုံးပြုမယ့် ဘောလုံးကို ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။ Adidas ဟာ ကမ္ဘာ့ဖလားကန်တဲ့ ဘောလုံးတွေကို ၁၉၇ဝ မက္ကဆီကို ပြိုင်ပွဲ ကတည်းကနေ လက်ရှိ အချိန်အထိ အဓိက စပွန်ဆာပေးခဲ့တာဖြစ်ပါတယ်။ ဒီနှစ်အတွက်တော့ Adidas ဟာ သူတို့ရဲ့ ဘောလုံးကို Telstar 18 လို့ အမည်ပေးခဲ့ပြီး ၂၀၁၇ နိုဝင်ဘာလက အာဂျင်တီး နားတိုက်စစ်မှူး မက်ဆီနဲ့အတူ ရုရှားနိုင်ငံ မော်စကိုမြို့မှာ စတင် မိတ်ဆက်ခဲ့ပါတယ်။ မက်ဆီဟာ Adidas ရဲ့ တသက်တာ စပွန်ဆာ ပေးခံထားရသူဖြစ်ပြီး ပြီးခဲ့တဲ့ ၂ဝ၁၄ ကမ္ဘာ့ဖလားတုန်းက ပြိုင်ပွဲရဲ့ အကောင်းဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံခဲ့ရလို့ အခုလို ရွေးချယ်ခံခဲ့ရတာပါ။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ကမ္ဘာ့ဖလားရခဲ့ဖူးတဲ့ နာမည်ကျော် ဘောလုံးသမား ဒယ်ပီယရို၊ အလွန်ဆို၊ ဇီဒန်၊ ကာကာ၊ ပိုဒေါ့စကီး

အဲ့ဒီအခမ်းအနားမှာ ကမ္ဘာ့ဖလားရဖူးကြတဲ့ ကမ္ဘာကျော် ကစားသမားတွေဖြစ်တဲ့ ဇီဒန်း ( ပြင်သစ်)၊ ကာကာ ( ဘရာဇီး)၊ ဒယ်ပီယာရို ( အီတလီ)၊ အလွန်ဆို ( စပိန်)၊ ပိုဒေါစကီး ( ဂျာမနီ) တို့နဲ့ အတူ ပြသခဲ့တာ ဖြစ်ပါတယ်။ Adidas ဟာ Telstar ဘောလုံးကို Telstar Communications Satellite ရဲ့ အမည်ကို အခြေခံထားပြီး ရုပ်မြင်သံကြား ( Television) နဲ့ ကြယ် ( Star) ဆိုတဲ့ စကားလုံးတွေကို ပေါင်းစပ်ကာ Telstar 18 လို့ အမည်ကို ပေးထားတာ ဖြစ်ပါတယ်။ Telstar 18 ဘောလုံးကို Adidas ရဲ့ အားကစား ပစ္စည်းတွေ အဓိက ထုတ်တဲ့ ပါကစ္စတန်နိုင်ငံမှာ ထုတ်လုပ်တာဖြစ်ပါတယ်။ ကမ္ဘာ့ဖလားမှာ အသုံးပြုမယ့် ဒီဘောလုံးနဲ့ ပတ်သက်ပြီး စပိန်နဲ့ မန်ချက်စတာ ယူနိုက်တက် ဂိုးသမား ဒါးဗစ် ဒဟဲရား၊ နာပိုလီရဲ့ ရေနာ၊ ဂျာမနီနဲ့ ဘာစီလိုနာရဲ့ တာ့စတေဂန်တို့ ကတော့ ဂိုးသမားတွေအတွက် ဖမ်းဖို့ အလွန်ခက်ခဲမယ့် ဘောလုံးလို့ မှတ်ချက်ပြုခဲ့ကြပါ တယ်။ အရင်ကလည်း Adidas ကထုတ်တဲ့ ကမ္ဘာ့ဖလား ဘောလုံးတွေအပေါ် ကမ္ဘာ့ဖလား ရခဲ့ဖူးကြတဲ့ ဂန္ထဝင် ဂိုးသမားကြီးတွေဖြစ်တဲ့ ဘူဖွန်နဲ့ ကားဆီးယက်စ်တို့ကလည်း ဝေဖန် ခဲ့ကြဖူးပါတယ်။ ဂိုးသမားတွေအတွက်တော့ Telstar 18 က အိပ်မက်ဆိုး ဖြစ်လာမလား။

ဆက်စပ် အကြောင်းအရာများ