ကမ္ဘာကျော် ဘောလုံးသမားတွေရဲ့ လူမသိသေးတဲ့ အဖြစ်အပျက်တွေ

လီယွန်နယ် မက်ဆီ ရဲ့ ဟော်မုန်း တိုးပွားမှု ကို ကုသတဲ့ အကြောင်း၊ ခရစ္စတီယာနို ရော်နယ်ဒို တစ်ယောက် လေ့ကျင့်ခန်း မပြတ်လုပ်လို့ ခန္ဓာကိုယ် ကြံ့ခိုင် မှု က တခြား ကစားသမားတွေထက် သာလွန် ကောင်းမွန် နေတဲ့ အကြောင်း တွေကို သိရှိကြပြီး ဖြစ်မှာပါ။

မကြာခင် အချိန်မှာ ကမ္ဘာ့ ဖလား ပြိုင်ပွဲကလည်း စတော့မှာ ဆိုတော့ ဒီပြိုင်ပွဲကြီးမှာ ကမ္ဘာကျော် ဘောလုံး သမားတွေ ဝင်ရောက် ယှဉ်ပြိုင် ကြတော့မှာ ဖြစ်ပါတယ်။

သူတို့တွေ ရဲ့ လူမသိ သူမသိ ရှိနေတဲ့ တချို့ အချက် အလက် တွေလည်း ရှိနေပါတယ်။

ရော်နယ်ဒို တစ်ယောက် ဘောလုံးသမား ဘဝ ဘယ်လို စတင် ခဲ့သလဲ

Image caption ရော်နယ်ဒို အသက် ၁၂ နှစ် အရွယ် (ဒုတိယတန်း စတုတ္ထမြောက်၊ ဝဲမှယာ)

ရော်နယ်ဒို ဆိုတဲ့ နာမည် နဲ့ ကမ္ဘာကျော် တဲ့ ဘောလုံး သမား က နှစ်ယောက်ပဲ ရှိပါတယ်။ နှစ်ယောက်စလုံး က ဘောလုံးထိန်း ကျွမ်းကျင် ပိုင် နိုင်မှုကြောင့် ပဲ နာမည်ကျော် ကြတာပါ။

ခရစ္စတီယာနို ရော်နယ်ဒို က သူ့ ရဲ့ ငယ်သူငယ်ချင်း အဲလ်ဘတ် ဖန်ထရော့ တစ်ယောက် ကို အမြဲ အမှတ်ရ နေမှာပါလို့ ပြန်ပြောင်း ပြောပြပါတယ်။

တနေ့ စပို့တင်း လစ္စဘွန်း ရဲ့ အေးဂျင့် က လာပြီး လူရွေးတော့ ဂိုး အများဆုံး သွင်း နိုင်တဲ့ လူကို ဘောလုံး အကယ်ဒမီ အတွက် ရွေးမယ်လို့ ကတိပေး စကား ပြောခဲ့ပါတယ်။

ပွဲကစားတော့ အဲလ်ဘတ် က တစ်ဂိုး၊ ရော်နယ်ဒို က တစ်ဂိုး တစ်ယောက် တစ်ဂိုးစီ အသီးသီး သွင်းယူ ထားခဲ့ကြပါတယ်။ ပွဲ ကစားနေရင်း နဲ့ အခွင့်အရေး တစ်ကြိမ် ရတော့ အဲလ်ဘတ် က ရော်နယ်ဒို ကို ဘောလုံး ထိုး ပေးပါတယ်။

အဲဒီ့ဂိုး သွင်းယူ လိုက်တော့ သူလည်း ဂိုးအများဆုံး သွင်းသူ အဖြစ်နဲ့ ဘောလုံး အကယ်ဒမီ အတွက် အရွေးခံခဲ့ရပါတယ်။ ဘာလို့ ဂိုးမသွင်းဘဲ နဲ့ ဘောလုံး ပေးခဲ့တာလဲ ရော်နယ်ဒို က ပြန် မေး တော့ 'မင်းက၊ ငါ့ထက် ပိုကောင်းတဲ့ သူပါ' လို့ အဲလ်ဘတ် က ပြန်ပြော ပါတယ်။

အဲလ်ဘတ် က ကြေးစား ဘောလုံး သမား တော့ ဖြစ်မလာပါဘူး။ ဒါပေမယ့် အိမ်ကြီးရခိုင် နဲ့ နေပြီး ကား အကောင်းစား စီးပါတယ်။ ဒါတွေ ဘယ်က ရသလဲ လို့ သတင်းထောက် တွေက မေးတော့ ရော်နယ်ဒို က သူ့ ကိုယ် ပေးခဲ့တာပါလို့ အဲလ်ဘတ် က ရိုးရိုးသားသားပဲ ပြန်ဖြေခဲ့ပါတယ်။

ခွဲထွက်ရေး ဘောလုံး သမား မက်ဆီ

ဓာတ်ပုံ မူပိုင် Getty Images
Image caption မက်ဆီ ရေချိုး ခန်း ထဲမှာ ပိတ်မိနေခဲ့တဲ့ အိမ်

လိုင်ယွန်နယ် မက်ဆီ ရဲ့ ဘောလုံးအပေါ် စိတ်အားထက်သန်မှု စွဲလန်း မှု တွေ ကတော့ လူတိုင်း သိထား ကြပြီးသားပါ။ ဒီလို စိတ်ထား တွေက ချာတိတ် မက်ဆီ ဘဝမှာ ကတည်း က သူ့ရဲ့ အတွင်း စိတ်သဏ္ဍန်မှာဖြစ်ခဲ့ပြီး သား လို့ သူငယ်ချင်း ဖြစ်သူ ဂျူအန် လီဂွီဇာမွန် က ပြန်ပြောပြပါတယ်။

အာဂျင်တီးနား နိုင်ငံ၊ ရိုစာရီယို မှာ လူငယ် ဘောလုံးပွဲ တစ်ပွဲ ကျင်းပခဲ့ပြီး အဲဒီ ပွဲမှာ နိုင်ရ ရမယ့် ဆုကြေး က စက်ဘီး တစ်စီး ဖြစ်ပါတယ်။ မက်ဆီ ပါဝင် ကစားတဲ့ အသင်းက ဖိုင်နယ် တက်ခဲ့ပါတယ်။ ဖိုင်နယ် ကစားမယ့် နေ့မှာ မက်ဆီ တစ်ယောက် ပေါ်မလာ ခဲ့ပါဘူး။ ပထမပိုင်း ပြီးတဲ့ အချိန်အထိ သူ့ရဲ့ အရိပ်အယောင်ကိုတောင် မမြင်ခဲ့ရဘူးလို့ ဂျူအန် လီဂွီ ဇာမွန် က ဆိုပါတယ်။

နောက်တော့ ၁၅ မိနစ် နားတဲ့ အချိန်မှာ အဝတ်အစားလဲခန်း ကို မက်ဆီ ရောက်လာခဲ့ပြီး အသင်းမှာ ဝင် ကစားပါတယ်။ တစ်ဂိုး ရှုံးနေတဲ့ အသင်း ကို ၃ ဂိုး ၁ ဂိုး နဲ့ နိုင်အောင် မက်ဆီ က စွမ်းဆောင် ပေးခဲ့တယ်လို့ သူက ဆိုပါတယ်။

ဒီပွဲ လာကစားဖို့ သူပိတ်မိနေခဲ့တဲ့ အိမ်က ရေချိုးခန်း တံခါးမှန် ကို ခွဲပြီးမှ ပြေး လာခဲ့ရတယ်လို့ မက်ဆီ က ပြောပြ ပါတယ်။

မက်ဆီ အသက် ၁၃ နှစ်မှာ ဘာစီလိုနာ လူငယ် အကယ်ဒမီ ကို မက်ဆီ ရောက်ပါတယ်။ အဲဒီတုန်း က ကိုကာကိုလာ အချိုရည်ကို သူက ကြိုက်နှစ်သက် လွန်းပြီး အချိန်တိုင်း သောက်နေလို့ နောက်ဆုံးမှာ အချိုရည် ရောင်းတဲ့ စက်တွေကို အသင်းတာဝန် ရှိသူတွေက ပိတ်ခဲ့ရပါတယ်။

အသင်းနဲ့ စာချုပ် တော့လည်း အေးဂျင့် နဲ့ မက်ဆီ နဲ့ က တစ်ရှုး တစ်ခု ပေါ်မှာတင် ကတိကဝတ်ပြု လက်မှတ် ထိုးခဲ့ရတာပါ။ မက်ဆီရဲ့ ကစားပုံ ကို နှစ်သက်ပြီး တခြား စာရွက် ရှာနေရင် လက်လွတ် သွားမှာ စိုးရိမ်လို့ တွေ့တဲ့ တစ်ရှုး ပေါ်မှာ လက်မှတ် ထိုးခဲ့ရတာ လို့ အေးဂျင့် ဖြစ်သူက ပြောပါတယ်။

ပြန်ပေးတဲ့ မို ဆာလ

ဓာတ်ပုံ မူပိုင် MOHAMED EL-SHAHED
Image caption အခုတော့ မွေးရပ် မြေမှာ မို ဆာလ လူငယ် ထူထောင်ရေး အဖွဲ့ကို တည်ထောင်း ထားပါတယ်။

အခုချိန်မှာ မိုဆာလ က လူသိများ ထင်ရှားတဲ့ ဘောလုံး သမား တစ်ယောက် ဖြစ်ပေမယ့် သူ့ရဲ့ စိတ်ထား ကတော့ ထောင်လွှားမှု မရှိဘူးလို့ ဆိုရမှာပါ။

၁၉၉၀ ခုနှစ် ကတည်း က ဝေးကွာခဲ့ရတဲ့ အီဂျစ် တို့ အတွက် ကမ္ဘာ့ ဖလား ပြိုင်ပွဲ ရောက်ဖို့ စွမ်းဆောင် ပေးခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

ဂါနာ နဲ့ ပွဲမှာ ပင်နယ်တီ သွင်းယူ ပေးခဲ့တဲ့ မို ဆာလ ကို အီဂျစ် စီးပွားရေး သမား တစ်ယောက် က သန်းချီ တန်တဲ့ အိမ်တစ်လုံး ကို လက်ဆောင် အဖြစ် ပေးပါတယ်။

ဆာလ က ဒါကို ငြင်းဆန် ခဲ့ပြီး သူ့ ရဲ့ မွေးရပ်မြေ ဖြစ်တဲ့ ဂါဘီယာ ခရိုင် က နက်ရစ် ရွာ ကိုပဲ လှူဒါန်း ပေးဖို့ ပြောခဲ့ပါတယ်။

ချို့ချို့တဲ့တဲ့ မှသည် သန်းကြွယ် သူဌေးလေး နေမာ

ဓာတ်ပုံ မူပိုင် MAURICIO LIMA
Image caption အခုတော့ သန်းကြွယ် ဘောလုံးသမား လေး

ကလေးအရွယ် နေမာ ရဲ့ ငယ် အိပ်မက်တွေက ဘောလုံး သမား တစ်ယောက် ဖြစ်ဖို့ မဟုတ်ပါဘူး။ ပါဝါရိန်းဂျား တစ်ယောက် ဖြစ်ဖို့ပဲ ရည်းမှန်း ခဲ့တာပါ။

ကမ္ဘာ့ ဈေးအကြီးဆုံး အပြောင်းအရွှေ့ ကစားသမား ဖြစ်ခဲ့ပေမယ့် ငယ်ဘဝ က တော့ အင်မတန် ဆင်းရဲပါတယ်။

ဘဝ ကို သုည က စခဲ့ရတာ မဟုတ်ဘူး အနှုတ် ၅ ကနေ စခဲ့ရတာလို့ သူ့ရဲ့ အဖေက ပြောဖူးပါတယ်။ မိသားစုဝင်တွေ အားလုံး အဖိုးအိမ်က မွေ့ယာ တစ်ခု ပေါ်မှာ စုပြုံ အိပ်ခဲ့ရတယ်လို့ ဖခင် ဖြစ်သူက ဆိုပါတယ်။ မီးမရှိလို့ အမှောင်ထဲမှာ နေခဲ့ရပြီး ဖယောင်းတိုင် တစ်တိုင် ထွန်းဖို့ မနည်း စဉ်းစား ခဲ့ရတယ်လို့ သူက ပြောပါတယ်။

မိသားစု စားဝတ် နေရေး အတွက် အလုပ် သုံးခု လုပ်နေရတာ နဲ့ မအားမလပ် ဖြစ်ပြီး နေမာ ဂျူနီယာ ကစားတဲ့ ဘောလုံး ပွဲတွေကို မကြည့်ဖြစ်ခဲ့ ဘူးလို့လည်း ဖခင် က ဝမ်းပန်းတနည်းနဲ့ ပြန်ပြောင်း ပြောပြ ခဲ့ပါတယ်။

အခုတော့ နေမာ က ကမ္ဘာ့ ဝင်ငွေ အကောင်းဆုံး အားကစားသမား ၁၀ ယောက် ထဲမှာ ပါဝင် နေပြီး မိဘ တွေကို အိမ်အကောင်းစား နဲ့ ထားနေနိုင်ပါပြီ။

ကလေးစာအုပ်ရေးတဲ့ အန်တွိုင်း ဂရိဇ်မန်း

ဓာတ်ပုံ မူပိုင် Amazon
Image caption ဂရိဇ်မန်း ရဲ့ ဂိုး စာ စောင်

ဂရိဇ်မန်း တစ်ယောက် က ဘောလုံး တိုက်စစ်မှူး အလုပ်တင် မဟုတ်ပါဘူး၊ ကလေးတွေ အတွက် စာအုပ်တွေရေး စာစောင်တွေ လည်း ထုတ်ပါတယ်။ စာစောင် နာမည် ကို ရိုးရိုး ရှင်းရှင်းပဲ ဂိုး လို့ နာမည် ပေးထားပါတယ်။

ဆုကြေးစား အားကစား သမား ဖြစ်ဖို့ အခက်အခဲ တွေ ကို အများကြီး ဖြတ်ကျော် ခဲ့ရပါတယ်။ ဘယ်တုန်း ကမှ လွယ်လွယ် ကူကူ ဖြစ်ခဲ့တာ မဟုတ် ဘူးလို့ ပြင်သစ် ရဲ့ ဂျေ ကေ ရိုးလင်း လို့ တင်စား ခံရတဲ့ ဂရိဇ်မန်း က ဆိုပါတယ်။

အခုတော့ သူ့မှာ သမီးလေး တစ်ယောက်ရှိနေပြီး အဲဒီ သမီးလေး ဖတ်ဖို့ စာအုပ်တွေ ရေးသား ခဲ့တာပါ။ သူငယ်ငယ်တုန်း က ဒေးဗစ် ဘက်ခမ်း၊ ဇနီဒိန်း ဇီဒန်း တို့ရဲ့ အကြောင်းတွေ အသည်းအသန် ဖတ်ခဲ့ဖူးတော့ အခုခေတ် ကလေး တွေ အတွက်လည်း သူက စာတွေ ကြိုးစား ရေး နေတာ ပါလို့ ဂိုး ပိုင် ရှင် က ပြောပါတယ်။

မဖြစ်နိုင်ဘူး ဆိုတာ မရှိတဲ့ အိုင်ဗန် ရာကီတစ်

ဓာတ်ပုံ မူပိုင် LLUIS GENE
Image caption ချစ်တဲ့သူနဲ့ ပေါင်းဖက် ခဲ့ရတဲ့ ရာကီတစ်

ခရိုအေးရှား အလယ်တန်း လူ ရဲ့ မိန်းမ ပိုးနည်း ကလည်း အင်မတန်မှ လှပ သပ်ရပ်ပါတယ်။ ရှော်ကေး ကနေ ဆီဗီယာ ကို ပြောင်းတော့ သူ့ရဲ့ အမျိုးသမီး ရာကွဲလ် ဖြစ်သူ ကို မြင်မြင်ချင်း ချစ်မိ သွားပါတယ်။

ဒါပေမယ့် သူ့မှာ ဒိတ်လုပ်ဖို့ စပိန်လို တစ်လုံးမှ မပြောတတ်တော့ အင်မတန် မှ အခက်အခဲ ဖြစ်နေတာပါ။ ဒါနဲ့ သူက စပိန်လို့ နည်းနည်းသင် အနားယူတဲ့ အချိန်တွေမှာ ရေဒီယို နဲ့ တီဗီကို မပြတ်တမ်း ကြည့်ပြီး စပိန် စကား ပြောတတ် ဖို့ လေ့ကျင့် ခဲ့ရတာပါ။

စကားနည်းနည်း တတ်တော့ ရာကွဲလ် ကို အပြင်မှာ ညစာ စားဖို့ ဖိတ်ပါတယ်။ အကြိမ် ၂၀၊ ၃၀ လောက် ခေါ်ပေမယ့် သူရတဲ့ အဖြေက တစ်ခုထဲ ပါ။ ရာကွဲလ် ရဲ့ နိုး ဆိုတဲ့ စကားပါပဲ။ ရာကီတစ် က ဘောလုံးသမား အချိန်တန်ရင် တရွာ ပြောင်းရမှာ ဒါကြောင့် ရည်းစား မဖြစ်ချင်ဘူးလို့ တချိန် လုံး ငြင်းနေခဲ့တာပါ။

တနေ့တော့ ရာကွဲလ် အလုပ်လုပ် တဲ့ ဟိုတယ် မှာ စားပွဲ တစ်လုံးမှာပြီး မဖြစ် မနေ ထိုင် ခိုင်း တော့မှ ငြင်းလို့ မရတဲ့ အဆုံး၊ ရာကွဲလ် က လက်ခံ လိုက်တာ လို့ သူက ပြန်ပြောပါတယ်။

အဲဒီက စခဲ့တဲ့ သူတို့ နှစ်ယောက် ရဲ့ ချစ်ခရီးလမ်း ဟာ အခုတော့ ခြောက် နှစ် တိုင်ရှိပြီး သမီးလေး တစ်ယောက် ရနေပြီလို့ ပြောပါတယ်။ စပိန် ကနေ တခြား နိုင်ငံ အသင်း တွေကို မပြောင်းရအောင် ကြိုးစား နေရတယ်လို့ ဟာသ နှောပြီး ပြောခဲ့ ပါသေးတယ်။

လမ်းဘေး ဆေးသုတ်ခဲ့ရတဲ့ ဂါဘရီရယ်

ဓာတ်ပုံ မူပိုင် Gabriel Jesus - Twitter
Image caption လမ်းဘေး ဆေးသုတ် နေတဲ့ ဂါဂရီရယ် ဂျေဆု

ဒီပုံ ကို ရိုက်ကူး ခဲ့ချိန်တုန်း က ဂါဘရီရယ် ဂျေဆု တစ်ယောက် ဘရာဇီးမှာ ဘောလုံး ကစားနေတုန်း ပါ။

၂၀၁၄ ကမ္ဘာ့ ဖလား အတွက် ဆေးသုတ် နေခဲ့တာလို့ ပြောခဲ့ပြီး မနှစ်က သူ့ရဲ့ လူမှုကွန်ရက်မှာ ဒီပုံ ကို တင်ခဲ့ပါတယ်။

ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး မကျင်းပခင် ဂါဘရီရယ် နဲ့ အပေါင်းအပါတွေက ဆာ ပေါ်လို မြို့ ရဲ့ လမ်းမတွေ သန့်ရှင်း လှပ ရေး အတွက် ဆေးချယ်တဲ့ အလုပ်ကို လုပ်နေကြတာပါ။

အဲဒီနှစ်က ပါမိုင်းရပ်စ် အတွက် ကစားပေးခဲ့ရာမှာတော့ ပွဲစဉ် ၂၂ ပွဲ အတွက် ၃၇ ဂိုး သွင်းယူ ပေးခဲ့ပါတယ်။

အစီအစဉ်တကျ နဲ့ ကယ်ဗင် ဒီဘရိုင်နေးလ်

ဓာတ်ပုံ မူပိုင် EMMANUEL DUNAND
Image caption ရပါတယ်လို့ အမြဲပြောလေ့ ရှိသူ

ကစားဖော် တွေက သူ့ ကို အဝတ်ခြောက်လှန်းတဲ့ စက်လို့ ချစ်စနိုး ခေါ်ကြပါတယ်။ သူ့ရဲ့ လူမှုကွန်ရက် မှာလည်း အင်မတန် မှ ခြောက်ခြောက် သွေ့သွေ့ နေတတ်သူ တစ်ယောက်ပါ။

အသက် ၁၁ နှစ် အရွယ်မှာ သူ့ရဲ့ ဘဝ အစီအစဉ်နဲ့ ပတ်သက်လို့ အမေဖြစ်သူ ကို မထင်မှတ်ဘဲ အသိပေးခဲ့ပါတယ်။ အဲဒါက လက်တင် ဘာသာ စကား ကို ၂ နှစ်သင်မယ် ပြီးရင်တော့ အားကစား ကောလိပ်မှာ စာသင် မယ်လို့ ပြောခဲ့တာပါ။

အဲဒီ အစီအစဉ် အတိုင်းပဲ ဒီကနေ့ ဒီအချိန် အထိ သူက နေထိုင် နေပါတယ်။ သူက အင်မတန်မှလည်း သွေးအေး တည်ငြိမ်သူ တစ်ယောက် ဖြစ်တယ်လို့ ဆိုပါတယ်။ အမြဲတမ်း ခပ်မဆိတ် နေတတ်ပြီး အသင်း က သူ့ ကို ဆေးစစ် တဲ့ အခါမှာလည်း စိုးရိမ် ပူပန်တဲ့ စိတ် က လုံးဝ မရှိသလောက် တွေ့ ရတယ်လို့ အသင်း ဆရာဝန် က ပြောပါတယ်။

ဂျေမီ ဗာဒီ

ဓာတ်ပုံ မူပိုင် Jan Kruger
Image caption ဗာဒီ ဇနီး မောင်နှံ

ပရီးမီးယားလိဂ် ဇယား အလယ် က လက်စတာ စီးတီး အသင်း အမှတ်ပေး ဖလား ရရှိမှု နဲ့ အတူ ဂျေမီဗာဒီ က ထိပ်တန်း ဘောလုံး သမား အဖြစ် ကို ရောက်ရှိ ခဲ့တာပါ။

အရင်တုန်း က သူဟာ Non League ပြိုင်ပွဲတွေမှာ ရှင်သန် ခဲ့ရတဲ့ တိုက်စစ်မှူး တစ်ယောက်ပါ။ အဲဒီ ကနေ မှ တဆင့် ပြောင်းရွှေ့ကြေး ပေါင် ၁ သန်း နဲ့ မြေခွေးတို့ ဆီ ကို ရောက်လာခဲ့တာပါ။

မြေခွေးတို့ အမှတ်ပေး ဖလား ရတော့ သူ့ရဲ့ အကြောင်းကို ရုပ်ရှင် အဖြစ် မှတ်တမ်း တင်ဖို့ ထုတ်လုပ်သူတွေက စီစဉ် ထားခဲ့ကြပါတယ်။

ဒါပေမယ့် ၂ နှစ်ကျော်လာတဲ့ အတွက် ရွှေရောင် ပိတ်ကား ပေါ်မှာ သူ့ အကြောင်း ရုပ်ရှင် ကို မမြင်တွေ့ရသေးပါဘူး။

ဒါကလည်း ဗာဒီရဲ့ ဇနီးသည် ရေဘက်ကာ ဗာဒီ အဖြစ် သရုပ် ဆောင်မယ့်သူ ကို ရွေးချယ် နေရလို့ ဖြစ်ပါတယ်။

တော်ဝင် မင်းသား ဟယ်ရီ နဲ့ လက်ထပ် သွားတဲ့ မီဂန် မာခဲလ် ကိုတောင် မှ သရုပ်ဆောင် ပေးဖို့ ကမ်းလှမ်း ခဲ့ဖူးတယ်လို့ ကောလာဟလ တွေ ထွက်ခဲ့ဖူးပါတယ်။