ဖီဖာ ကမ္ဘာ့ဖလား ၂၀၁၈ - သိထားသင့်တဲ့ အချက်အလက်ဇယား ၄ ခု

၂၀၁၈ ကမ္ဘာ့ဖလားပွဲကြီးလည်း ရုရှားမှာ အရှိန်ရနေပြီဆိုတော့ ကမ္ဘာ့ဖလားရောဂါလည်း အတော်သည်းနေကြပြီ ထင်ပါတယ်။

ဂျာမနီ အသင်းက ပင်နယ်တီကန်သွင်းတာမှာ ကောင်းသလား။ ကမ္ဘာ့ဖလား ဂိုးသွင်းဘုရင်တွေက ဘယ်သူတွေလဲ။ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ အရင် ကမ္ဘာ့ဖလားပြိုင်ပွဲ သွင်းဂိုး အရေအတွက် တူခဲ့တဲ့ မက္ကဆီကို နောက်ခံလူက ဘယ်သူလဲ။ ဘယ်ပြိုင်ပွဲတွေမှာ ဘယ်ဘောလုံး ဒီဇိုင်းတွေ သုံးခဲ့လဲ။

ဒါတွေ အားလုံးရဲ့ အဖြေကတော့...

Image caption ၂၀၁၈ ကမ္ဘာ့ဖလား

၁။ ကမ္ဘာ့ဖလားသမိုင်းမှာ အအောင်မြင်ဆုံး အသင်းက ဘယ်သူလဲ။

ဘရာဇီးက ၅ ကြိမ် ဗိုလ်ဆွဲထားပြီး ထိပ်ဆုံးက ပြေးနေပါတယ်။ သူတို့ နောက်ဆုံး ဖလားယူခဲ့တာက ၂ဝဝ၂ ခုနှစ်တုန်းကပါ။ ၂ဝ၁၄ ခုနှစ်မှာ အိမ်ရှင် အနေနဲ့ ကစားခွင့်ရခဲ့ပေမယ့် အကြိုဗိုလ်လုပွဲမှာ ဂျာမနီကို ၁ ဂိုး ၇ ဂိုး နဲ့ အရှက်တကွဲ ဂိုးပြတ်ရှုံးပြီး မျက်နှာပန်းမလှ အဆုံးသတ်ခဲ့ရပါတယ်။

ကမ္ဘာ့ဖလားမှာ ဥရောပတိုက်နဲ့ တောင်အမေရိကတိုက် ပြင်ပ နိုင်ငံတွေ တခါမှ ဖလား မယူနိုင်ခဲ့ဖူးပါဘူး။ ကပ်လျက် ကမ္ဘာ့ဖလား ၃ ကြိမ်မှာ ဂျာမနီ၊ စပိန်၊ အီတလီ ဥရောပ ၃ နိုင်ငံက ဆက်တိုက် ဗိုလ်ဆွဲထားပါတယ်။ စုစုပေါင်း ဥရောပတိုက်က ၁၁ ကြိမ်၊ တောင်အမေရိကတိုက်က ၉ ကြိမ်နဲ့ ဥရောပတိုက်က လောလောဆယ် နှာတဖျား အသာရနေပါတယ်။

၂။ ကမ္ဘာ့ဖလားမှာ ဂိုးအများဆုံးသွင်းထားသူ ဘယ်သူလဲ။

ဂျာမနီက ဂိုးသွင်းစက် မီရိုဆလဗ် ကလိုဆာက ကမ္ဘာ့ဖလားပွဲ ၄ ကြိမ်မှာ ၁၆ ဂိုး သွင်းပြီး ဦးဆောင်နေပါတယ်။ သူဟာ ၂ဝ၁၆ ခုနှစ်မှာ ဘောလုံးကစားရာကနေ အနားယူခဲ့ပေမယ့် အခု ရုရှား ကမ္ဘာ့ဖလားပွဲမှာ ဂျာမန်အသင်းရဲ့ အုပ်ချုပ်ရေး အဖွဲ့ဝင်အဖြစ် ပါဝင်လာပါတယ်။

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဟောင်း ဘရာဇီးက ရော်နယ်ဒိုကတော့ ၁၅ ဂိုးနဲ့ ဒုတိယမှာ ရှိပါတယ်။ သူဟာ ဘရာဇီး ချန်ပီယံ ဖြစ်ခဲ့တဲ့ ၂ဝဝ၂ ခုနှစ် ပြိုင်ပွဲတစ်ခုတည်းမှာတင် ၈ ဂိုး သွင်းယူခဲ့ပါတယ်။

ပြင်သစ်က ဂျုစ် ဖွန်တိန်း ကတော့ ပြိုင်ပွဲ တစ်ခုတည်းမှာ ဂိုးအများဆုံးသွင်းသူ အဖြစ် စံချိန်တင်ထားပါတယ်။ ၁၉၅၈ ခုနှစ် ကမ္ဘာ့ဖလားမှာ ၆ ပွဲ ကစားပြီး ၁၃ ဂိုး သွင်းနိုင်ခဲ့တာပါ။

၃။ ဒီနှစ် ကမ္ဘာ့ဖလားမှာ ပါဝင်တဲ့ ဂိုးအများဆုံး သွင်းထားသူတွေကရော ဘယ်သူတွေလဲ။

အရင် ပြိုင်ပွဲတွေမှာ ၁၀ ဂိုး နဲ့ အထက် သွင်းထားသူတွေထဲမှာ ဂျာမနီက သောမတ်စ် မူလာ တစ်ယောက်ပဲ အခု ရုရှား ကမ္ဘာ့ဖလားမှာ ပါဝင်ကစားနေပါတယ်။ မူလာအနေနဲ့ သူ့နိုင်ငံက အသင်းဖော်ဟောင်းနဲ့အတူ ထိပ်ဆုံးမှာ အတူ ရပ်တည်ချင်ရင်တော့ သူအရင်တုန်းက စံချိန် ပြိုင်ပွဲ ၁ ပွဲ မှာ ၅ ဂိုး သွင်းနိုင်ခဲ့တဲ့ ဂိုးသွင်းအားကို ကျော်လွန်မှ ရပါမယ်။

ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ ကိုလံဘီယာ ရှေ့တန်းလူ ဟားမက်စ် ရော့ဒရီးဂတ်ဇ်က ရွှေဖိနပ်ဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါမျိုး ဒီနှစ်မှာ ထပ်လုပ်ပြနိုင်ခဲ့ရင် သူကလည်း သမိုင်းဝင် အကောင်းဆုံး ဂိုးသွင်းရှင်တွေထဲမှာ ပါဝင်နိုင်ပါမယ်။

အခု စာရင်းမှာ တစ်ဦးတည်းသော နောက်ခံလူ ရာဖေးလ် မားကက်ဇ်ကတော့ ရုရှား ကမ္ဘာ့ဖလား ပြိုင်ပွဲမတိုင်မီ ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ ကမ္ဘာ့ဖလား ဂိုးသွင်း အရေအတွက် အတူတူပါပဲ။

အသက် ၃၉ အရွယ် မားကက်ဇ်ဟာ အုပ်စု အဖွင့်ပွဲ လက်ရှိ ချန်ပီယံ ဂျာမနီကို အနိုင်ရတဲ့ ပွဲမှာ ပွဲ ချိန် ၇၄ မိနစ် လူစားဝင် ကစားခဲ့ပြီး ကမ္ဘာ့ဖလား ၅ ကြိမ် ကစားဖူးတဲ့ တတိယမြောက် ဘောလုံးသမားလည်း ဖြစ်လာခဲ့ပါပြီ။ သူ့လို ကမ္ဘာ့ဖလား ၅ ကြိမ် ကစားဖူးတဲ့ အရင်တုန်းက ဘောလုံးသမားတွေကတော့ မက္ကဆီကို က အန်ထိုနီရို ကာဘဟာလ် နဲ့ ဂျာမနီ ဂန္ထဝင် လိုသာမားသီးယပ်စ် တို့ပါ။

ပင်နယ်တီ အကန်ကောင်းတဲ့ နိုင်ငံတွေက ဘာလဲ။

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှတ်တမ်းဟာဆိုရင် ပင်နယ်တီ ကန်သွင်းမှုတွေ အကြောင်း မပါရင် ဘယ်ပြည့်စုံပါ့မလဲ။

ဂျာမနီ အသင်းကတော့ ပင်နယ်တီ အဆုံးအဖြတ် ကန်ရတဲ့ ၄ ကြိမ်လုံး အနိုင်ရခဲ့ပါတယ်။ ကမ္ဘာ့ဖလား ပြိုင်ပွဲ တစ်ခုမှာ ဂျာမန် ကစားသမား ၁ ယောက်ပဲ ပင်နယ်တီ ပြစ်ဒဏ်ဘော ကန်သွင်းတာလွဲဖူးပါတယ်။ သူတို့ဟာ ၁၉၈၂ ခုနှစ်ကတည်းက အလွဲအချော်မရှိ ပင်နယ်တီ ကန်သွင်းလာတာ ၁၅ ဂိုးတောင် ဆက်တိုက် ရနေပါပြီ။

အင်္ဂလန်အသင်းကတော့ ကမ္ဘာ့ဖလား သမိုင်းတလျှောက် ပင်နယ်တီ အဆုံးအဖြတ် ၃ ကြိမ် ခံရဖူးပြီး အခုအချိန်အထိ တခါမှ မနိုင်ဖူးသေးပါဘူး။

၁၉၉၄ ကမ္ဘာ့ဖလားကြည့်ဖူးသူတွေဆိုရင် ဗိုလ်လုပွဲမှာ ရောဘတ်တို ဘက်ဂီယို တယောက် ပင်နယ်တီကို ဘားပေါ်ကျော် ကန်သွင်းခဲ့တာ မှတ်မိကြဦးမှာပါ။ အီတလီ အသင်းကလည်း အဲဒီလို ကြေကွဲဖွယ် ပင်နယ်တီ အဆုံးအဖြတ် နဲ့ သုံးကြိမ်သုံးခါတောင် ရှုံးခဲ့ဖူးပါတယ်။ ဒါပေမယ့် ၂ဝဝ၆ ခုနှစ်မှာတော့ ပင်နယ်တီ အဆုံးအဖြတ်နဲ့ ကမ္ဘာ့ဖလား အရယူနိုင်ခဲ့လို့ အီတလီတွေ အတွက် ပင်နယ်တီက စိတ်သက်သာစရာ ပြန်ဖြစ်ခဲ့ပါတယ်။

အခု ကျင်းပနေတဲ့ ရုရှား ကမ္ဘာ့ဖလားကြီးမှာရော ဘယ်လို ထူးခြားတဲ့ မှတ်တမ်းအသစ်တွေ မြင်တွေ့ရဦးမလဲ။

ဆက်စပ် အကြောင်းအရာများ