ဂျပန် တိုက်ခိုက်ရေးသူရဲကောင်းရဲ့ ဘဝကောက်ကြောင်း

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အောင်လကို စိန်ခေါ်သူ ဂျပန် နံပါတ် ၁ ခန်ဟစဲ့ဂါဝါ

စင်္ကာပူ အခြေစိုက် One Championship ကမ္ဘာ့ ကိုယ်ခံပညာပေါင်းစုံ ပြိုင်ပွဲကြီးရဲ့ မစ်ဒယ်လ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ် ၂ တန်းမှာ ရွှေခါးပတ် ရယူထားတဲ့ ကချင်တိုက်ခိုက်ရေး သူရဲကောင်း မြန်မာ့ စပါးအုံးမြွေ အောင်လအာန်ဆန်းဟာ မစ်ဒယ်ဝိတ်တန်း ရွှေခါးပတ် အတွက် ဂျပန်က စိန်ခေါ်သူ ထိပ်တန်း ဂျူဒို ကိုယ်ခံပညာရှင် သိုင်းပေါင်းစုံ ကစားသမား ခန်ဟစဲ့ဂါဝါနဲ့ ဇွန် ၂၉ ရက် သောကြာည ရန်ကုန်က သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံကြီးထဲမှာ ယှဉ်ပြိုင် ထိုးသတ်ရတော့ပါမယ်။

မြန်မာနိုင်ငံကိုယ်စားပြု ကစားမယ့် မြန်မာပြည်ဖွား အမေရိကန် နိုင်ငံသား အောင်လအာန်ဆန်းဟာ သူ့ရဲ့ အချုပ်၊ အဖမ်း ၊ အကန် လက်သီး စတဲ့ စွယ်စုံ စွမ်းရည် ကို အသုံးချကာ ရွှေခါးပတ်ကို ကာကွယ်ရမှာ ဖြစ်ပြီး ဂျပန် တိုက်ခိုက်ရေး သမား ကတော့ ဂျပန့် ရိုးရာ ဂျူဂျစ်ဆု၊ ဂျူဒို စွမ်းရည်တွေနဲ့ ချန်ပီယံ ခါးပတ်ကို လုယူနိုင်ဖို့ ကြိုးစားရမှာပါ။

နှစ်ယောက်လုံးက အဖမ်း၊ အချုပ် မြေပြင်ပေါ် လှဲချ ကစားနည်းမှာ ကျွမ်းကျင်ကြသူတွေ ဖြစ်လို့ အမှားမခံဘဲ လက်ဦးသူ၊ အရင် အမိအရ ချုပ်ဖမ်းနိုင်သူက အနိုင်ရနိုင်တယ်လို့ နိုင်ငံတကာ အဆင့် လက်နက်မဲ့ တိုက်ခိုက်ရေး နည်းပညာရပ်များ ဆိုင်ရာ ဒိုင်လူကြီး အဖြစ် မြန်မာနိုင်ငံ ကိုယ်စားပြု ဆောင်ရွက်နေသူ အပြည်ပြည်ဆိုင်ရာ ဂျူဒိုအဖွဲ့ချုပ် ဒိုင်လူကြီး မခင်ချမ်းမြေ့သူက သုံးသပ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ကမ္ဘာ့အဆင့် ဂျူဒိုဒိုင်လူကြီးရဲ့ အောင်လပွဲသုံးသပ်ချက်

MMA နိုင်ပွဲ ၂၂ ပွဲ၊ ရှုံးပွဲ ၁၀ ပွဲ မှတ်တမ်းရှိသူ အသက် ၃၃ နှစ် အရွယ် အောင်လအာန်ဆန်း အတွက်တော့ အခုပွဲဟာ သူ့ ကစားသမား ဘဝမှာ ပထမဆုံး အာရှတိုက်သား ပြိုင်ဘက်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်ကစပြီး သိုင်းပေါင်းစုံ ပြိုင်ပွဲတွေမှာ အသက်မွေးဝမ်းကျောင်း ယှဉ်ပြိုင် ကစားနေတဲ့ အသက် ၃၁ နှစ် အရွယ် ခန်ဟစဲ့ဂါဝါဟာ ဂျပန် အခြေစိုက် ကိုယ်လုံပညာပေါင်းစုံ Deep ချန်ပီယံရှစ်မှာ အရင် က ကစားခဲ့ပြီး၊ ၂၉ ရက်နေ့ ည ပွဲကတော့ သူ့အတွက် ပထမ ဆုံး One ချန်ပီယံရှစ် ပြိုင်ပွဲ အဖြစ် မှတ်တမ်းဝင်ပါမယ်။

One ချန်ပီယံရှစ်ပွဲတွေမှာ အတွေ့အကြုံမရှိသေးပေမယ့် သူဟာ Deep ပွဲတွေမှာတော့ ဝဲလ်တာ ဝိတ်တန်းကနေ မက်ဂါတန်ဝိတ်တန်း အထိ ပွဲမျိုးစုံကို ကစားထားပြီး သိုင်းပေါင်းစုံပွဲ ၁၉ ပွဲ ကစား ၁၆ ပွဲ နိုင်၊ ၂ ပွဲ ရှုံး၊ ၁ ပွဲ သရေ ရလဒ် ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ Deep ရဲ့ မက်ဂါတန်ဝိတ်တန်း ချန်ပီယံဆု ကို ၂ နှစ် နီးပါး သိမ်းပိုက်ထားနိုင်ခဲ့သူ ဖြစ်ပါတယ်။ Titan FC၊ Rizin FF ပြိုင်ပွဲတွေမှာလည်း ပွဲကြီးတွေ ထိုးထားဖူးသူပါ။ အမေရိကန်နဲ့ တရုတ်ပြည် ပြိုင်ပွဲတွေမှာလည်း လှည့်လည် ကစားခဲ့ပါတယ်။

One ချန်ပီယံရှစ်ပွဲတွေမှာ မကစားဖူးတာက ခန်အတွက် ပြဿနာ မဟုတ်နိုင်ဘူးလို့ ဂျူဒို ခါးပတ်နက် သုံးဆင့်ရ မခင်ချမ်းမြေ့သူက သုံးသပ်ပါတယ်။ ဂျပန့် ရိုးရာ အဆင့်မြင့် ကိုယ်လုံပညာတွေ ကျွမ်းကျင်ထားသူ ဖြစ်သလို အခြား သိုင်းပေါင်းစုံ ပြိုင်ပွဲအတွေ့အကြုံ ရှိသူ ဖြစ်လို့ ခန်ဟစဲ့ဂါဝါဟာ Burmese Python ဆိုပြီး အဖမ်း၊ အချုပ် နာမည်ကြီးတဲ့ အောင်လအာန်ဆန်း နဲ့ စိန်ခေါ်နိုင်စွမ်းတဲ့ ပြိုင်ဘက်ကောင်း တယောက် ဖြစ်ပါတယ်။

ခန်ရဲ့ ဂျပန် ဂျူဂျစ်ဆုနဲ့ အောင်လ ကျွမ်းကျင်တဲ့ ဘရာဇီး ဂျူဂျစ်ဆုတွေက အခြေခံအားဖြင့်တော့ အတူတူ ဖြစ်လို့ သောကြာညပွဲဟာ Ground Fighting ပြင်းထန်ပြီး ကြည့်ကောင်းမယ့် ပွဲ ဖြစ်လာနိုင်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အောင်လရဲ့ ကြောက်စရာ အကောင်းဆုံး တိုက်ကွက် ၄ ကွက်

ဂျပန်မှာ ဆိုရင် ပြိုင်ဘက် မရှိတော့တာကြောင့် ပွဲ အတော်များများ သူ လက်လွတ်ခဲ့ရလို့ အခုလို ဝမ်းချန်ပီယံရှစ်ကို ပြောင်းလာခဲ့ပြီး ချန်ပီယံ နှစ်ထပ်ကွမ်း အောင်လအန်ဆန်းကို စိန်ခေါ်ထိုးသတ်ရတာပါလို့လည်း ခန်ဟစဲ့ဂါဝါက ဘီဘီစီမြန်မာပိုင်းနဲ့ သီးသန့် အင်တာဗျူး မှာ ပြောသွားခဲ့ပါတယ်။

ဒါပေမဲ့ သူက ကျရှုံးတဲ့ အခြေအနေတွေကိုလည်း ဖြတ်သန်းခဲ့ရသူပါ။ သူ့ရဲ့ စိတ်ဓာတ်အကျဆုံး အချိန်ကတော့ မနှစ်က Deep ပြိုင်ပွဲမှာ ပြိုင်ဘက်က မတော်တဆ စည်းကမ်း ပြင်ပ ခေါင်းနဲ့တိုက်လို့ နောက်ကောက် ကျသွားခဲ့ရတဲ့ အချိန်လို့ ဆိုပါတယ်။

သူ့အနေနဲ့ စိတ်ပျက်ရ ဆုံး အခြေအနေတွေကို ကစားဖော်တွေ အကူအညီနဲ့ အောင်အောင်မြင်မြင် ကျော်လွှားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒဏ်ရာကြောင့် ကျောရိုးက အရိုးနု ကျွံ ပြီး အာရုံကြောမ ကြီးကို ထိခဲ့လို့ လက်တွေ မလှုပ်ရှားနိုင်တဲ့ အထိ ဖြစ်ခဲ့တဲ့ အခြေအနေကနေ အခုလို ချန်ပီယံကို စိန်ခေါ်နိုင်တဲ့ အထိ ပြန်လည် ထူထောင် နိုင်ခဲ့တဲ့ စိတ်ဓာတ်ကြံ့ခိုင်သူလည်း ဖြစ်ပါတယ်။ အခုတော့ သူဟာ ရွှေခါးပတ်ပွဲ အတွက် ၁၀၀ ရာခိုင်နှုန်း ယုံကြည်မှု အပြည့် ရှိနေပါတယ်။

ယိုကိုးဟားမား၊ ကာနာဝါဝါ ဇာတိ ခန်ဟစဲ့ဂါဝါဟာ မိသားစု ဘဝမှာတော့ အိမ်ထောင် မရှိသေးဘဲ လက်ရှိမှာတော့ တိုကျို မြို့တော်မှာ အခြေချနေထိုင်နေပါတယ်။ အောင်လအာန်ဆန်းနဲ့ ရင်ဆိုင်ရမယ့် One ချန်ပီယံရှစ်ပြိုင်ပွဲ ကို တဦးတည်းသော ညီလေးနဲ့ ဖခင်ဖြစ်သူကတော့ အဝေးကနေ ကြည့်ရှု အားပေးနေမယ်လို့ ဘီဘီစီမြန်မာပိုင်းကို ခန်က ပြောပါတယ်။ ဒါပေမယ့် မိခင်ဖြစ်သူကတော့ သားဖြစ်သူ ထိုးသတ်တဲ့ ပွဲတိုင်းကို ကြည့်ဖို့ မရဲလို့ ကြည့်လေ့ ကြည့်ထ မရှိဘူးလို့ ဆိုပါတယ်။

သူဟာ Yamanashi Gakuin တက္ကသိုလ်မှာ ဥပဒေပညာရပ် သင်ကြားခဲ့ပေမယ့် ကျောင်းပြီးပြီးချင်းမှာပဲ ငယ်စဉ်ကတည်းက ဝါသနာပါတဲ့ ပရော်ဖက်ရှင်နယ် တိုက်ခိုက်ရေး ကစားသမားဘဝကို စတင်ခဲ့တယ်လို့ ပြောပါတယ်။

မြန်မာပြည်ကို ပထမဆုံး အကြိမ် ရောက်ဖူးတဲ့ ခန်ဟစဲ့ဂါဝါဟာ မြန်မာလူမျိုးတွေရဲ့ အင်မတန် နွေးထွေးတဲ့ ဖော်ရွေမှုကို တွေ့ရလို့ အံ့မခန်း ဖြစ်ရတယ်လို့လည်း ဆိုပါတယ်။ အောင်လက မြန်မာ့သူရဲကောင်းဖြစ်နေလို့ စိန်ခေါ်သူ သူ့ကို မြန်မာတွေ လိုလားမှာ မဟုတ်ဘူးလို့ ထင်ထားခဲ့တာ လုံးဝ မှားခဲ့တယ်လို့ ပြောပါတယ်။

မြန်မာရိုးရာ အစားအစာတွေထဲက နံနက်စာ မုန့်ဟင်းခါး၊ ခေါက်ဆွဲ တွေ မြည်းစမ်းကြည့်ထားပြီး နောက်ထပ်လည်း မြန်မာ အစာတွေ စမ်းစားဖို့ အစီအစဉ် ရှိပါသတဲ့။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
သရဖူကာကွယ်မယ့် အောင်လ အန်ဆန်

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ