ပြောင်းရွှေ့ကြေး ပေါင် ၉၉ သန်းနဲ့ လေးနှစ်စာချုပ်ချုပ်ဆိုလိုက်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ခြေလှမ်းသစ်တစ်ခုစဖိုပ အချိန်ကျပြီလို့ ဆုံးဖြတ်ခဲ့

ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ပြောင်းရွှေ့ကြေး ပေါင် ၉၉သန်းနဲ့ အီတလီချန်ပီယံ ဂျူဗင်းတပ်နဲ့ လေးနှစ်စာချုပ်ချုပ်ဆို လိုက်ပါတယ်။

ရော်နယ်ဒိုဟာ ရီးယဲလ်မက်ဒရစ်မှာ ကိုးနှစ်ကစားခဲ့တဲ့ ကာလအတွင်း ချန်ပီယံလိဂ် ဖလား ၄ ကြိမ်ရခဲ့ပါတယ်။

ဘဝမှာ နောက်ထပ် အဆင့်သစ်အသစ်တစ်ခု စတင်လှမ်းလျှောက်ဖို့ အချိန် ရောက်လာပြီမို့ ပြောင်းရွှေ့ခွင့်ပြုဖို့ ကလပ်ကို ကျွန်တော် တောင်းဆိုခဲ့တာပါလို့ ရော်နယ်ဒိုက ပြောပါတယ်။

ရော်နယ်ဒိုဟာ ပြောင်းရွှေ့ကြေး စတုတ္ထမြောက် အများဆုံးပေးရတဲ့ ဘောလုံးသမား ဖြစ်လာပါတယ်။ လောလောဆယ် ဈေးအကြီးဆုံးက ပီအက်စ်ဂျီက ဘာစီလိုးနားက ပေါင်သန်း ၂၀၀ ပေးပြီးခေါ်ထားတဲ့ နေမာဖြစ်ပါတယ်။ တခါ ပီအက်စ်ဂျီကပဲ ပြင်သစ် လူငယ် ခြေတက် ကီလီယန် အမ်ဘာပေးကိုလည်း ပေါင် ၁၆၆ သန်းပေးပြီး ခေါ်ထား ပါတယ်။ ဘာစီလိုးနားကတော့ လစ်ဗာပူးလ်က ဖိလစ်ပေ ကိုတင်ညိုကို ပေါင် ၁၄၂ သန်းပေးပြီး ခေါ်ထားပါတယ်။

ရော်နယ်ဒိုကို ၂၀၀၉ ဇူလိုင်လက ပြောင်းရွှေ့ကြေး ပေါင် သန်း ၈၀ နဲ့ မန်ချက်စတာ ယူနိုက်တက်ကနေ ရီးယဲလ်မက်ဒရစ်ကခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ သူဟာ ရီးယဲလ်အတွက် ကလပ်စံချိန်တင် ၄၅၁ ဂိုးသွင်းပေးခဲ့ပြီး ၂၀၀၈၊ ၂၀၁၃၊ ၂၀၁၄၊ ၂၀၁၆ နဲ့ ၂၀၁၇ မှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ၅ ကြိမ်ရထားပါတယ်။

ရီးယဲလ်မက်ဒရစ်ကတော့ ရော်နယ်ဒိုဟာ ကလပ်အတွက် အကြီးကျယ်ဆုံး ဘောလုံးသမားတွေထဲက တစ်ယောက်အမြဲတန်းဖြစ်နေမှာပါလို့ ကြေညာချက်ထုတ်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် FRANCK FIFE
Image caption ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား ဆုများရှင်

ရော်နယ်ဒိုရဲ့ စံချိန်များ

-ရီးယဲလ်အတွက် ၄၃၈ ပွဲကစားပြီး ၄၅၁ ဂိုးကလပ်စံချိန်တင် သွင်းပေးထား

-၂၀၁၃-၁၄ ချန်ပီယံလိဂ်ရာသီမှာ စံချိန်တင် ၁၇ ဂိုးသွင်းထား

-ရီးယဲလ်အတွက် ချန်ပီယံလိဂ်ပွဲတွေမှာ ၁၀၅ ဂိုး သွင်းထား

-လာလီဂါမှာ ၃၁၁ ဂိုးသွင်း

-ရီးယဲလ်နဲ့ အတူ အဓိက ဆုဖလား ၁၆ ခုရခဲ့ - လာလီဂါ ချန်ပီယံ ၂ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၄ ကြိမ်၊ ကလပ်ကမ္ဘာ့ဖလား ၃ ကြိမ် နဲ့ ဥရောပဆူပါကပ်ဖလား ၃ ကြိမ်

-ရီးယဲလ်မက်ဒရစ်အတွက် ဟက်ထရစ် ၄၄ ကြိမ် ဂိုးသွင်းခဲ့၊ လာလီဂါမှာ ၃၄ ကြိမ် သွင်းထား

-ဘောလုံးသမား သက်တမ်းတစ်လျောက် စုစုပေါင်း ၆၅၉ ဂိုးသွင်းထား - စပို့တင်းလစ္စဘွန်းအတွက် ၅ ဂိုး၊ မန်ယူအတွက် ၁၁၈ ဂိုး၊ရီးယဲလ်အတွက် ၄၅၁ ဂိုးနဲ့ ပေါ်တူဂီအတွက် ၈၅ ဂိုး

ဆက်စပ် အကြောင်းအရာများ