ကွန်တေကို ချယ်ဆီးက ထုတ်ပယ်

ဓာတ်ပုံ မူပိုင် BEN STANSALL
Image caption ပရီးမီးယားလိဂ်ဆုဖလားနဲ့ ကွန်တေ

ချယ်ဆီးအသင်း မန်နေဂျာ အန်တိုနီယို ကွန်တေကို နှစ်နှစ် အကြာမှာ အသင်းက ထုတ်ပယ်လိုက်ပါတယ်။

အီတလီ လူမျိုး ၄၈ နှစ် အရွယ် ကွန်တေဟာ ရာသီအကြို လေ့ကျင့်ကွင်းဆင်းဖို့ ဒီအပတ်ထဲမှာ ပြန်ရောက်လာတာ ဖြစ်ပါတယ်။

သူ့စာချုပ်အရ သက်တမ်း တနှစ် ကျန်သေးတာကို ထုတ်ပယ်ခံရတာပါ။

သူချယ်ဆီးမှာ ပထမနှစ် တာဝန်ယူစဉ်အတွင်း ပရီးမီးယားလိဂ်ဖလား ရယူပေးနိုင်ခဲ့သလို ပြီးခဲ့တဲ့ မေလကလည်း အက်ဖ်အေကပ်ဖလား ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ မနှစ်က ပရီးမီးယားလိဂ်ရာသီမှာ ချယ်ဆီးက ပဉ္စမအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

ချန်ပီယံလိဂ် အဆင့်တက်ဖို့လည်း လက်လွှတ်ခဲ့ရပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption အက်ဖ်အေကပ် ဗိုလ်လုပွဲမှာ မန်ယူမန်နေဂျာ မော်ရင်ညိုနဲ့အတူ

သူ့နေရာ အစားထိုးဖို့ နာပိုလီ အသင်း မန်နေဂျာဟောင်း မော်ရီဇီယို ဆာရီကို မှန်းဆနေကြပါတယ်။

ဆာရီကိုသာ ခန့်ခဲ့ရင်တော့ အသင်းကို အဘရာမိုဗစ် ၂ဝဝ၃ က ဝယ်ပြီးနောက်ပိုင်း ၉ ယောက်မြောက်ခန်တဲ့ မန်နေဂျာ ဖြစ်လာတော့မှာပါ။

နာပိုလီ အသင်းမှာ သူ ၃ နှစ် တာဝန်ယူတုန်းမှာတော့ ကြီးကြီးမားမား အနိုင်ရခဲ့တာ မရှိပါဘူး။ အသင်းကို ဂျူဗန်းတပ်စ် နောက်က ဒုတိယ၊ တတိယ လိုက်အောင် လုပ်နိုင်တာပဲ ရှိခဲ့ပါတယ်။

ကွန်တေ အသင်းနဲ့ ဒီနေ့လမ်းခွဲလိုက်ပြီလို့ပဲ ချယ်ဆီးက ကြေညာခဲ့ပါတယ်။ သူ့ဘဝ အနာဂတ်လမ်းကြောင်း အောင်မြင်ပါစေလို့လည်း ဆိုပါတယ်။

ကွန်တေဟာ ချယ်ဆီးအသင်းရဲ့ ပွဲစဉ်ဇယားတွေ ကျပ်လွန်းတာကို ဝေဖန်နေခဲ့သူ ဖြစ်ပါတယ်။

ချယ်ဆီးဟာ ပရီးမီးယားလိဂ်မှာ ချန်ပီယံ မန်စီးတီးနောက်က အမှတ် ၃ဝ ပြတ်ကျန်ခဲ့ပြီး ချန်ပီယံလိဂ်မှာလည်း နောက်ဆုံး ၁၆ ပွဲ အဆင့်မှာ ထွက်ခဲ့ရပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption နာပိုလီ အသင်း မန်နေဂျာဟောင်း မော်ရီဇီယို ဆာရီ

ဆက်စပ် အကြောင်းအရာများ