အာရှဖလားရလို့ စစ်မှုထမ်းဖို့မလိုတော့တဲ့ စပါးတိုက်စစ်မှူး ဆောင်ဟွန်မင်

ဓာတ်ပုံ မူပိုင် Reuters
Image caption ရွှေတံဆိပ်ရပြီး အောင်ပွဲခံနေတဲ့ ဆောင်ဟွန်မင်

အာရှအားကစားပြိုင်ပွဲရဲ့ ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲမှာ တောင်ကိုရီးယားအသင်းက ဂျပန်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ ရှိခဲ့ပြီး ရွှေတံဆိပ်ရခဲ့တာကြောင့် တောင်ကိုရီးယား အသင်းမှာ ပါဝင်ကစားခဲ့တဲ့ ကစားသမားတွေ စစ်မှုထမ်းစရာ လိုမှာ မဟုတ်ပါဘူး။

ဒါကြောင့် တောင်ကိုရီးယား လက်ရွေးစင်လည်းဖြစ် အင်္ဂလန် ပရီးမီးယားလိဂ်က တော့တင်ဟမ် ဟော့စပါး တိုက်စစ်မှူး ဆောင်ဟွန်မင်က စစ်မှုထမ်းစရာ မလိုတော့ပါဘူး။

အသက် ၂၆ နှစ် တိုက်စစ်မှူး ဆောင်ဟွန်မင်ဟာ လက်ရှိအချိန်ထိ တောင်ကိုရီးယားမှာ စစ်မှုမထမ်းရသေးပါဘူး။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ရွှေတံဆိပ်နဲ့အတူ တွေ့ရတဲ့ ဆောင်ဟွန်မင်

တကယ်လို့ တောင်ကိုရီးယား အသင်းဟာ ရွှေတံဆိပ်မရခဲ့ဘူးဆိုရင် သူကို စစ်မှုထမ်းဖို့ ပြန်ခေါ် ခံရမှာ ဖြစ်တာကြောင့် စပါးအတွက် ၂ နှစ် ဘောလုံးကစားခွင့်ရတော့မှာ မဟုတ်ပါဘူး။

တောင်ကိုရီးယားနိုင်ငံမှာ အရွယ်ရောက်တဲ့ အမျိုးသားတိုင်း ၂ နှစ် စစ်မှုမထမ်းမနေရ သတ်မှတ် ထားပေမယ့် အာရှအားကစားပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ရတာပဲဖြစ်ဖြစ်၊ အိုလံပစ်ပြိုင်ပွဲမှာ ဆုတံဆိပ် ရတာပဲဖြစ်ဖြစ် စစ်မှုထမ်းခွင့်ကနေ ကင်းလွတ်ခွင့်ရမှာ ဖြစ်ပါတယ်။

တောင်ကိုရီးယားအသင်းဟာ အာရှအားကစားပြိုင်ပွဲ ဘောလုံးအားကစားမှာ ရွှေတံဆိပ် ရရှိခဲ့ တာကြောင့် ဆောင်ဟွန်မင်ဟာ စစ်မှုထမ်းဖို့ ကင်းလွတ်ခွင့်ရခဲ့သလို စပါးအသင်းမှာ ဘောလုံး ဆက်ကစားဖို့ မရေရာ မသေချာ ဖြစ်နေတဲ့ အခြေအနေကို ရှောင်လွှဲနိုင်ပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဆောင်ဟွန်မင်ကို ဂုဏ်ပြုနေတဲ့ တောင်ကိုရီးယား ကစားသမားများ

စပါးအသင်းက ဆောင်ဟွန်မင်ကို ဂျာမနီ ကလပ် ဘိုင်ယန် လေဗာကူဆင် ကနေ စတာလင်ပေါင်၂၂ သန်းနဲ့ ဝယ်ယူခဲ့ပြီး ဇူလိုင်လမှာ အသင်းနဲ့ ၅ နှစ် သက်တမ်းရှိတဲ့ စာချုပ်သစ်ကို လက်မှတ်ထိုးခဲ့ပါတယ်။

၂၀၁၄ ခုနှစ် အာရှအားကစားပြိုင်ပွဲမှာ တောင်ကိုရီးယားက မြောက်ကိုရီးယားကို အနိုင်ရပြီး ရွှေတံဆိပ် ရစဉ်တုန်းက ဆောင်ဟွန်မင်က တောင်ကိုရီးယား အသင်းနဲ့ ပါဝင်ကစားခွင့် မရခဲ့ပါဘူး။

အဲဒီတုန်းက သူကစားနေတဲ့ ဂျာမနီကလပ် ဘိုင်ယန်လေဗာကူဆင်က နိုင်ငံလက်ရွေးစင်ပွဲမှာ ပြန်ကစားခွင့်ပေးဖို့ ငြင်းဆန်ခဲ့ ပါတယ်။

ဆက်စပ် အကြောင်းအရာများ