ရော်နယ်လ်ဒိုအတွက် စိုးရိမ်စရာ ဖြစ်လာပြီလား

ရော်နယ်လ်ဒိုအတွက် စိုးရိမ်စရာ ဖြစ်လာပြီလား

ဘာကြောင့် ရီးယဲယ်က ထွက်ခဲ့တာလဲ

ဆယ်စုနှစ် တစ်ခုကျော်ကြာ အောင်မြင်မှုတွေအများကြီးရခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒို တစ်ယောက် နယ်မြေသစ်၊ အသင်းသစ်မှာ မထင်မှတ်ဘဲ ရုန်းကန်နေရပါတယ်။ မန်ချက်စတာယူနိုက်တက်ကို လူငယ်ကစားသမား ဘဝနဲ့ ရောက်ခဲ့တုန်းက ရုန်းကန် ခဲ့ရပေမယ့် ရီးယဲယ်ကို စူပါစတားအဖြစ် ရောက်လာချိန်မှာ ဂိုးတွေများစွာ သွင်းနိုင်ခဲ့သူပါ။ သူ့ရဲ့ အရည်အသွေးကို သွင်းဂိုးတွေနဲ့ အမြဲ သက်သေပြလေ့ရှိတဲ့ ရော်နယ်လ်ဒို တစ်ယောက် ရီးယဲယ်မှာ ကလပ်သမိုင်းတစ်လျောက် စံချိန်တင် သွင်းဂိုး ရှင်အဖြစ် မှတ်တမ်းတင်းနိုင်ခဲ့သူပါ။ နောက်ဆုံး ၅နှစ်တွင်း ချန်ပီယံလိဂ်ဖလားကို ၄ကြိမ်ရတဲ့အထိ အောင်မြင်ခဲ့တဲ့ ရော်နယ်လ်ဒိုဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ နောက်ဆုံး ၆နှစ်ဆက်တိုက် ဂိုးအများဆုံး သွင်းနိုင်သူအဖြစ် စံချိန်တင်နိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒီလို စံချိန်တွေများစွာနဲ့ ရော်နယ်လ်ဒိုဟာ ရီးယဲယ်မက်ဒရစ်အတွက် ပွဲပေါင်း ၄၃၈ပွဲမှာ ၄၅၀ဂိုးအထိ သွင်းယူ ခဲ့သူဖြစ်ပြီး သမိုင်းတစ်လျောက် အကောင်းဆုံး ကစားသမားလို့တောင် ပရိသတ်တွေက သတ်မှတ်ထားကြပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ရီးယဲယ်နဲ့ ၅နှစ်တွင်း ချန်ပီယံလိဂ်ဖလားကို ၄ကြိမ်ရတဲ့အထိ အောင်မြင်ခဲ့တဲ့ ရော်နယ်လ်ဒို

စပိန်မှာ အခွန်ပြသာနာတွေကလည်း ရော်နယ်လ်ဒိုကို ရီးယဲယ်ကနေ ထွက်ခွာ စေဖို့ အဓိက တွန်းအားတစ်ရပ်ဖြစ်ခဲ့သလို စာချုပ်သစ် ကိစ္စကနှောင့်နှေးတာတွေကလည်း ရော်နယ်လ်ဒို အသင်းကထွက်ခွာခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ်ကို အနိုင်ရတဲ့ ချန်ပီယံ လိဂ်ပွဲအပြီးမှာ ရော်နယ်လ်ဒိုရဲ့ စူပါ အေးဂျင့်ဖြစ်သူ ဟိုဆေးမန်ဒက်စ်ဟာ သူ့ကစား သမားကို ဝယ်သူနိုင်တဲ့ အသင်းတွေကို စတင်ဆက်သွယ်ခဲ့ပါတယ်။ မီဒီယာတွေရဲ့ အဆိုအရ မန်ဒက်စ်ဟာ ရော်နယ်လ်ဒိုကို ခေါ်ယူနိုင်စွမ်းရှိတဲ့ သူ့အသင်းဟောင်း မန်ချက် စတာယူနိုက်တက်နဲ့ ပီအက်စ်ဂျီကို စတင်ဆက်သွယ်ခဲ့ပါတယ်။ သူတို့နှစ်သင်းက ၃၃နှစ် အရွယ်ရှိတဲ့ ရော်နယ်လ်ဒိုကို ခေါ်ယူဖို့ ငြင်းဆန်ခဲ့လို့ နောက်ဆုံး ဂျူဗင်တပ်စ်နဲ့ အပြောင်း အရွှေ့ဖြစ်ခဲ့တာပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ပေါင်သန်း ၁၀၀နဲ့ စီးရီးအေကို ရောက်လာတဲ့ ရော်နယ်လ်ဒို

မန်ချက်စတာယူနိုက်တက်၊ ရီးယဲယ်မက်ဒရစ်တွေမှာ အောင်မြင်မှုများစွာရခဲ့တဲ့ ရော်နယ်လ်ဒိုဟာ အတွေ့အကြုံအသစ်၊ ရင်ဆိုင်မှုအသစ်တွေကို ရယူဖို့ ရီးယဲယ်မက်ဒရစ် ကနေ ထွက်ခွာပြီး စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်စ်ကို ပေါင်သန်း ၁၀ဝနဲ့ ပြောင်း ရွှေ့ခဲ့ပါတယ်။ သူ့ရဲ့ ပြောင်းရွှေ့မှုကြောင့်ပဲ စီးရီးအေ ချန်ပီယံ ဂျူဗင်တပ်စ်ရဲ့ တန်ဖိုးဟာ လည်း များစွာတက်လာခဲ့ပါတယ်။ ရော်နယ်လ်ဒိုကို မခေါ်ခင် အသင်းတန်ဖိုး ယူရို ၆၆၅သန်းသာရှိတဲ့ ဂျူဗင်တပ်စ်ဟာ ရော်နယ်လ်ဒိုရောက်လာပြီး ရက်ပိုင်းအတွင်းမှာပဲ ယူရို ၁.ဝ၃ ဘီလျံအထိရှိလာခဲ့ပါတယ်။ ဂျူဗင်တပ်စ်ဟာ ရော်နယ်လ်ဒိုကို မခေါ်ခင် ၂၀၁၆ တစ်နှစ်ပတ်လုံးမှာ အသင်းဂျာဇီ ၈သိန်းခွဲကျော်သာ ရောင်းချခဲ့ရပေမယ့် ရော်နယ်လ်ဒို ကိုခေါ်ယူခဲ့ပြီးမှ သူ့နာမည်ပါ ဂျာဇီကို ပထမဆုံး ရောင်းချတဲ့နေ့မှာတင် ၅သိန်း ၂သောင်း အထိ ရောင်းချနိုင်ခဲ့ပါတယ်။ ဒါဟာ ရော်နယ်လ်ဒိုအတွက် ပေးချေရတဲ့ ပေါင်သန်း ၁၀ဝထဲ ကနေ ၃၃သန်းကျော်ကို ပြန်ရခဲ့တာပါ။ ဂျူဗင်တပ်စ်အသင်းအတွက် စီးပွားရေးအရ အောင်မြင်မှုတွေ ရလာခဲ့သလို ရော်နယ်လ်ဒိုရဲ့ ပုံရိပ်ဟာလည်း ပိုကြီးမားလာခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ၃ပွဲမှာ ဂိုးကန်သွင်းခွင့် ၂၃ကြိမ်အထိ ရခဲ့ပေမယ့် ဂိုးပေါက် ပျောက်နေတဲ့ ရော်နယ်လ်ဒို

ကွင်းပြင်ပမှာ အောင်မြင်မှုတွေ တိုးလာခဲ့ပေမယ့် ရော်နယ်လ်ဒိုရဲ့ ကွင်းတွင်း စွမ်းရည်ပိုင်းကတော့ စိုးရိမ်စရာ ဖြစ်လာခဲ့ပါတယ်။ ဂျူဗင်တပ်စ်နဲ့ ရာသီအဖွင့် စီးရီးအေ ၃ပွဲကစားပြီးချိန်မှာ သွင်းဂိုးမရရှိသေးလို ဂိုးသွင်းနိုင်ဖို့လည်း အကြိမ်ကြိမ် ကြိုးစားခဲ့ပါ တယ်။ ဂျူဗင်တပ်စ်ရဲ့ ရာသီအဖွင့် ၃ပွဲဖြစ်တဲ့ ခီယေဗို၊ လာဇီယို၊ ပါးမားတို့နဲ့ပွဲတွေမှာ ရော်နယ်လ်ဒိုဟာ ဂိုးကန်သွင်းခွင့် ၂၃ကြိမ်အထိ ရခဲ့ပေမယ့် ဂိုးပေါက် ပျောက်နေဆဲ ဖြစ်ပါတယ်။ ရော်နယ်လ်ဒိုရဲ့ လက်ရှိမှတ်တမ်းဟာ ဥရောပ ထိပ်တန်းလိဂ် ၅ခုမှာ အဆိုး အရွားဆုံးဖြစ်နေပြီး ရော်နယ်လ်ဒိုကိုယ်တိုင် မလိုချင်တဲ့ စံချိန်တစ်ခု ဖြစ်လာခဲ့တာပါ။ စီးရီးအေ ကလပ်တွေရဲ့ ခံစစ်ကစားပုံ၊ ဂျူဗင်တပ်စ်အသင်းဖော်တွေရဲ့ အနေအထားတွေ အကြောင့် ရော်နယ်လ်ဒိုတစ်ယောက် သွင်းဂိုး ၃၀ရဖို့ မလွယ်ကူကြောင့် အီတလီနဲ့ ဂျူဗင်တပ်စ်နောက်ခံလူဟောင်း ဖာရာရာကတော့ဆိုပါတယ်။ ဖာရာရာဆိုသလိုမျိုး မဖြစ် လာဖို့ ရော်နယ်လ်ဒိုကိုယ်တိုင် ကြိုးစားမှာတော့ သေချာပေမယ့် စီးရီးအေလို နယ်မြေသစ် မှာ ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားတစ်ဦး အတွက် စိုးရိမ်စရာ ဖြစ်လာတာကတော့ သေချာပါတယ်။

ရော်နယ်လ်ဒို အောင်မြင်မှု

စပို့တင်းလစ္စဘွန်း - ၃၁ပွဲ၊ ၅ဂိုး

မန်ချက်စတာယူနိုက်တက် - ၂၉၂ပွဲ၊ ၁၁၈ဂိုး

ရီးယဲယ်မက်ဒရစ် - ၄၃၈ပွဲ၊ ၄၅၀ဂိုး

ဥရောပဖလား - ၁ကြိမ်

ချန်ပီယံလိဂ် - ၅ကြိမ်

အမှတ်ပေးချန်ပီယံ - ၅ကြိမ်

ရွှေဘောလုံး - ၅ကြိမ်

ဆက်စပ် အကြောင်းအရာများ