ဆရီနာ ဝီလျံကို နိုင်ပြီး ယူအက်စ်အိုးပင်းမှာ ဂျပန်သူ အိုဆာကာ ချန်ပီယံဖြစ်

ဓာတ်ပုံ ရင်းမြစ်, AFP
ယူအက်စ်အိုးပင်း ချန်ပီယံ အိုဆာကာ
သောကြာနေ့က ကစား ခဲ့တဲ့ ယူအက်စ်အိုးပင်း အမျိုးသမီး တစ်ဦးချင်း ဖိုင်နယ်ပွဲမှာ ဂျပန်သူ နာအိုမီ အိုဆာကာက အမေရိကန် နာမည်ကြီး ဆရီနာ ဝီလျံကို ၂ ပွဲ ပြတ်နဲ့ နိုင်ပြီး ဂရန်းစလမ်း ချန်ပီယံ ဖြစ်ခဲ့ပါတယ်။
အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ နာအိုမီဟာ ဂျပန် နိုင်ငံမှာ မွေးဖွားပြီး အမေရိကန် နိုင်ငံမှာ ကြီးပြင်းသူ ဖြစ်ပါတယ်။
ဗိုလ်လုပွဲ မတိုင်မီ သူ့ရဲ့ ဘဝမှာ လေးစား အားကျတဲ့ တင်းနစ်မယ် ဆရီနာနဲ့ ဖိုင်နယ် ရိုက်ဖို့ အိပ်မက် မက်ခဲ့တယ်လို့ ဆိုခဲ့ပြီး တကယ်တမ်း ဖိုင်နယ်မှာ အိုဆာကာက ဆရီနာကို ၆-၂၊ ၆-၄နဲ့ ၇၉မိနစ်ကြာ ရိုက်ပြီး နိုင်ခဲ့ ပါတယ်။
အိုဆာကာဟာ ဂျပန်နိုင်ငံ အတွက် ဂရန်းစလမ်း တင်းနစ်ပြိုင်ပွဲကြီးတွေမှာ ချန်ပီယံ ဖြစ်တဲ့ ပထမဆုံး တင်းနစ်မယ် ဖြစ်လာသလို ဆုကြေးငွေ အမေရိကန် ဒေါ်လာ ၃.၈သန်း ရရှိခဲ့ ပါတယ်။
ဓာတ်ပုံ ရင်းမြစ်, AFP
ဒိုင်လူကြီးဖြစ်သူ ဟွမ်ကားလို့စ်ကို ပြင်းပြင်းထန်ထန် ဝေဖန်နေတဲ့ ဆရီနာ
ဒီပွဲမှာ ပြောစရာ ဖြစ်ခဲ့တာက ဆရီနာဝီလျံရဲ့ ဖြစ်ရပ်ပါ။
ဒုတိယပွဲမှာ ဒိုင်လူကြီးဖြစ်သူ ဟွမ်ကားလို့စ်ရဲ့ ပြစ်ဒဏ် ချမှတ်မှုတွေကို မကျေနပ်တာက စပြီး အငြင်းပွားဖွယ်ရာ ဖြစ်ရပ်တွေ ဖြစ်ခဲ့တာပါ။
ဒုတိယပွဲ အတွင်း ဆရီနာဝီလျံဟာ နည်းပြဖြစ်သူ ပက်ထရစ်ရဲ့ နည်းစနစ်ပိုင်း အကြံပေးခဲ့မှုတွေ ရယူ ခဲ့တယ်ဆိုပြီး ဒိုင်လူကြီး ဟွမ်ကားလို့စ်ရဲ့ သတိပေးမှုကို ခံခဲ့ရ ပါတယ်။ အဲဒီနောက် ဆီရီနာဟာ နာအိုမီကို ပွဲငယ် တစ်ပွဲရှံးပြီး တင်းနစ် ရတ်ကတ်ကို ရိုက်ချိုး ခဲ့လို့ Point Penalty ပေးခံ ခဲ့ရ ပါတယ်။
ဒီလို ဖြစ်ရပ်တွေ ဆက်တိုက် ဖြစ်ပြီးနောက် ဆရီနာဟာ ဒေါသထွက် နေပြီး ဟွမ်ကားလို့စ်ကို ပြစ်တင် ပြောဆိုမှုတွေ ဆက်တိုက် လုပ်ခဲ့မှုကြောင့် နောက်ထပ် တစ်ဆင့် ဖြစ်တဲ့ Game Pentalty ( အိုဆာကာကို ပွဲငယ်တစ်ပွဲ အနိုင်ပေး) ပေးခဲ့ ပါတယ်။
ဆီရီနာ ကတော့ ဒီလိုဖြစ်ရပ်မျိုးတွေ အမျိုးသား ပြိုင်ပွဲတွေမှာ မကြာခဏ ဖြစ်ပွားလေ့ရှိပေမယ့် ပြစ်ဒဏ် ချမှတ် ခံထားရခြင်း မရှိခဲ့ဘဲ၊ သူ့ကိုသာ အခု လို ပြစ်ဒဏ် ချမှတ်မှုဟာ ကျားမ ခွဲခြားမှုတွေ ရှိတယ်လို့ ဆိုခဲ့ပြီး တရားမျှတမှု မရှိဘူးလို့ ဆိုပါတယ်။
ဆရီနာဝီလျံဟာ အခုလို ဖြစ်ရပ်မျိုးတွေကို အရင်က ၂ ကြိမ် ဖြစ်ခဲ့ဖူးပါတယ်။ ယူအက်စ်အိုးပင်း ပြိုင်ပွဲတွေ ဖြစ်တဲ့ ၂၀ဝ၉ ခုနှစ် ဆီးမီးနဲ့ ၂၀၁၁ ဖိုင်နယ် တွေမှာ ဖြစ်ခဲ့ဖူးတာပါ။
ဒီလို ဖြစ်စဉ်တွေ ဖြစ်ခဲ့တိုင်း ဆရီနာဝီလျံ ဟာ အဲ့ဒီပွဲတွေ အားလုံးကို ရှုံးနိမ့်ခဲ့ပါတယ်။ ကလေးမွေးဖွားပြီး နောက်ပိုင်း တင်းနစ် ပြန်ရိုက်တဲ့ ဆရီနာ အတွက် ဂရန်းစလမ်း ပြိုင်ပွဲကြီး နှစ်ခုမှာ ဖိုင်နယ် တက်ခဲ့ ပေမယ့် ၂ ပွဲ စလုံးကို ရှံးနိမ့် ခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ပုံ ရင်းမြစ်, AFP
၂၀၁၈ ဂရန်းစလမ်း ဖိုင်နယ် ၂ပွဲစလုံး ရှံးခဲ့တဲ့ ဆရီနာ
ယူအက်စ်အိုးပင်း ဆုကြေးငွေ
ချန်ပီယံ - ၃.၈သန်း
ဒုတိယ - ၁.၈၅သန်း
ဆီးမီး - ၉.၂၅သိန်း
ကွာတား - ၄.၇၅သိန်း
ပထမအဆင့် - ၈ ထောင်