ဟာဇက်ဟာ အကောင်းဆုံး ဘောလုံးသမား တစ်ယောက်ပါ - ဆာရီ

ဓာတ်ပုံ မူပိုင် AFP
Image caption ပရီးမီးယားလိဂ်မှာ ၅ဂိုးနဲ့ ၂ဂိုး ဖန်တီးပေးထားတဲ့ ဟာဇက်

ချယ်လ်ဆီးနည်းပြ ဆာရီ ကတော့ ကာဒစ် စီးတီးနဲ့ပွဲမှာ ဟက်ထရစ် သွင်းယူခဲ့တဲ့ တောင်ပံ ကစားသမား အက်ဒင် ဟာဇက်ဟာ လက်ရှိ ဥရောပရဲ့ အကောင်းဆုံး ဘောလုံး သမားလို့ ချီးကျူး ပြောကြား လိုက်ပါတယ်။

ချယ်လ်ဆီးဟာ ကာဒစ်စီးတီးကို ဟာဇက်ရဲ့ ဟက်ထရစ် ဂိုးတွေ အပါ အဝင် ၄-၁ ဂိုးနဲ့ နိုင်ခဲ့တဲ့ ပွဲမှာ သူ့ရဲ့ ခြေစွမ်း အပေါ် ဆာရီက " အရင်က ကျွန်တော် ဟာဇက်ကို ဥရောပ အကောင်းဆုံး ဘောလုံး သမားတွေ ထဲက တစ်ယောက်လို့ပဲ ထင်ခဲ့ဖူး ပါတယ်။

အခုတော့ ကျွန်တော့်ရဲ့ အမြင်ကို ပြန်ပြင်ချင် ပါတယ်။ လက်ရှိမှာ ဟာဇက်ဟာ ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမား တစ်ယောက် ဖြစ်နေပါပြီ။ မကြာတော့တဲ့ အချိန် အတွင်းမှာ အကောင်းဆုံး ဆိုတဲ့ ဆုကိုလည်း ရနိုင်ပါတယ်။ သူရဲ့ ခြေစွမ်း ကလည်း ဒီထက် ပိုတိုးတက် လာဦးမယ်လို့ ထင်ပါတယ်လို့ " ချီးကျူးခဲ့ပါတယ်။

ဟာဇက်ဟာ ချယ်လ်ဆီး ကစားသမား သက်တမ်း တစ်လျှောက် စုစုပေါင်း သွင်းဂိုး ၉၄ ဂိုး အထိရှိသွားပြီး အသင်းရဲ့ ဂိုး အများဆုံး သွင်းသူများ စာရင်းမှာ ထိပ်ဆုံး ၁၀ ဦးထဲ ပါဝင်လာ ပါတယ်။ ဟာဇက်ဟာ ၂၀၁၄ ခုနှစ်က နယူးကာဆယ် ဘက်ကို ဟက်ထရစ် သွင်းယူခဲ့ဖူးပြီး ဒါဟာ ဒုတိယအကြိမ် ရခဲ့တာပါ။ ဒီနှစ်ရာသီ ၅ဂိုးနဲ့ ပရီးမီးယားလိဂ်မှာ ဂိုး အများဆုံး သွင်းထားတဲ့ ဟာဇက်ဟာ ရာသီ အကုန် ပြိုင်ပွဲ အရပ်ရပ်မှာ သွင်းဂိုး ၃၀ ကနေ ၃၅ ဂိုး အထိ သွင်းယူဖို့ ပစ်မှတ်ထား နေတယ်လို့ နည်းပြက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဟာဇက်ဟာ ဥရောပရဲ့ အကောင်းဆုံး ဘောလုံးသမားလို့ ဆာရီက ဆိုပါတယ်။

ချယ်လ်ဆီးနဲ့ ဟာဇက် မှတ်တမ်း

၂၀၁၂-၁၃ရာသီ - ၆၂ပွဲ ၁၃ဂိုး

၂၀၁၃-၁၄ ရာသီ - ၄၉ပွဲ ၁၇ဂိုး

၂၀၁၄-၁၅ ရာသီ - ၅၂ပွဲ ၁၉ဂိုး

၂၀၁၅-၁၆ ရာသီ - ၄၃ပွဲ ၆ဂိုး

၂၀၁၆-၁၇ ရာသီ - ၄၃ပွဲ ၁၇ဂိုး

၂၀၁၇-၁၈ ရာသီ - ၅၁ပွဲ ၁၇ဂိုး

နည်းပြ ဆာရီ ပြောသလိုမျိုး ဟာဇက်ဟာ လက်ရှိ ကမ္ဘာ့ အကောင်းဆုံး ဘောလုံး သမား တစ်ဦး ဖြစ်လာပြီလား။ မက်ဆီ၊ ရော်နယ်လ်ဒိုတို့နဲ့ ခြေစွမ်း တစ်တန်းထဲ ရောက်ပြီလား။