မက်ဂရီဂေါ်ကို နိုင်ခဲ့ပေမယ့် ချန်ပီယံဘွဲ့ကို ဟာဘစ် ဆုံးရှုံးဖွယ်ရှိနေ

ဓာတ်ပုံ မူပိုင် AFP
Image caption ကော်နာ မက်ဂရီဂေါ် နဲ့ အနိုင်ရသူ ဟာဘစ်

UFC 229 ရဲ့ လိုက်ဝိတ်တန်း ချန်ပီယံ လုပွဲမှာတော့ ချန်ပီယံ ရုရှား နိုင်ငံသား ဟာဘစ် နာမာဂိုမေဒေါ့က အိုင်ယာလန်က စူပါ စတား ကော်နာ မက်ဂရီဂေါ်ကို ၄ ချီမှာ ဒိုင်ပွဲရပ်နဲ့ နိုင်ပြီး သူ့ရဲ့ သူရဖူကို ကာကွယ်နိုင်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံ လတ်စ် ဗေးဂတ်စ်မှာ ထိုးခဲ့ ကြတဲ့ ဒီပွဲဟာ ပရိသတ် စိတ်ဝင်စားမှု အများဆုံး ရှိခဲ့ပြီး ဟာဘစ် က ကော်နာ မက်ဂရီဂေါ်ကို အသာစီးနဲ့ ထိုးသတ် နိုင်ခဲ့ တာပါ။ သိုင်းပေါင်းစုံ ထိုးသတ်ပွဲမှာ အသတ် အပုတ် ပိုကျွမ်းကျင်ပြီး ရှုံးပွဲ မရှိသေးတဲ့ ဟာဘစ်ဟာ ကော်နာကို ပထမ ၂ ချီမှာ အသာရခဲ့ သလို ၄ ချီ မြောက်မှာ ဒိုင်ပွဲရပ်နဲ့ နိုင်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption လုံခြုံရေးတွေနဲ့ ရဲတွေ ခေါ်သွားခဲ့ရတဲ့ ဟာဘစ်

ဟာဘစ်ဟာ အနိုင်ရပြီးချင်း ကော်နာ မက်ဂရီဂေါ်ရဲ့ အသင်းသားကို ထိုးသတ်ခဲ့ သလို သူ့ရဲ့ အသင်းဘက်က သူတွေက လည်း ကော်နာကို ထိုးသတ် ခဲ့ကြလို့ ပွဲဟာ အကျည်းတန် ခဲ့ပါတယ်။ အပြန် အလှန် ထိုးသတ်မှုတွေ ကြားက နောက်ပိုင်းမှာ လုံခြုံရေး နဲ့ ရဲတွေ ဝင်ရောက် ထိန်းသိမ်း နိုင်ခဲ့ ပေမယ့် ပွဲက အခုလိုမျိုး အဆုံးသတ်ခဲ့လို့ အလွန်ပဲ စိတ်ပျက်ခဲ့ရ တယ်လို့ UFC ဥက္ကဌ ဒေနာ ဝှိုက်က သတင်းစာ ရှင်းလင်းပွဲမှာ ဆိုပါတယ်။

ဆိုတော့ ချန်ပီယံ သရဖူကို ကာကွယ်နိုင် ခဲ့တဲ့ ဟာဘစ် တစ်ယောက် ပွဲပယ် ခံရ မလားလို့ မီဒီယာတွေက မေးတော့ ဒေနာ ဝှိုက်က အခုလို ဆိုပါတယ်။

ဟာဘစ် အနေနဲ့ အနိုင်ရပြီး ချိန်မှာ အားလုံးရဲ့ ချီးကျူးမှုကို ရယူပြီး ထွက်သွားရမယ့် အစား အခုလို လုပ်ခဲ့တဲ့ အတွက် ဘယ်လို မှ နားမလည်နိုင်အောင် ဖြစ်တယ်လို့ ဆိုပါတယ်။ တစ်ဦးနဲ့ တစ်ဦး စကားလုံးတွေနဲ့ ထိုးနှက် ပြောဆို တာတွေဟာ UFC မှ မဟုတ်ပါဘူး NBA, NFL နဲ့ လက်ဝှေ့ပွဲတွေ မှာလည်း ရှိပါတယ်။ ဒါတွေဟာ ပွဲရဲ့ အစိတ်ပိုင်း တစ်ခုပါ။ ဒီဖြစ်ရပ် အတွက် သူ့ရဲ့ ဆုကြေးငွေကို ထုတ်ပေးဦးမှာ မဟုတ်သလို စုံစမ်း စစ်ဆေးမှုတွေ လည်း ဆက်လုပ်သွားဖို့ ရှိပါတယ်။ ကျွန်တော့် အထင် ဟာဘစ် ဟာ သူ့ရဲ့ ချန်ပီယံ ဘွဲ့ကို ဆုံးရှုံး ရဖွယ် ရှိနေသလို ပွဲပယ် ပြစ်ဒဏ်လည်း ခံယူရဖွယ် ရှိတယ်လို့ သတင်းထောက် တွေကို ဆိုခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဟာဘစ်ရဲ့ အနိုင် ပွဲသိမ်းအကွက်

အနိုင်ရခဲ့တဲ့ ဟာဘစ်ဟာ ပရော်ဖက်ရှင်နယ် ပွဲပေါင်း ၂၇ ပွဲမှာ ၂၇ ပွဲ စလုံး အနိုင်ရခဲ့ပြီး မက်ဂရီဂေါ် ကတော့ ၂၅ ပွဲမှာ ၂၁ ပွဲနိုင်၊ ၄ ပွဲအထိ ရှုံးထား ပါတယ်။

ဆက်စပ် အကြောင်းအရာများ