ရော်နယ်လ်ဒိုက ရီးယဲယ်နဲ့ ဂျူဗင်တပ်စ်ကို ဘာတွေ ပြောင်းလဲစေခဲ့လဲ

ဓာတ်ပုံ မူပိုင် AFP
Image caption စီးရီးအေမှာ ခြေစွမ်းပြနေတဲ့ ရော်နယ်လ်ဒို နဲ့ ဂျုဗင်တပ်စ်

၂၀၁၈ ချန်ပီယံလိဂ် ဖိုင်နယ် အပြီးမှာ ၃ နှစ်ဆက် ဥရောပ ချန်ပီယံ ရီးယဲယ်မက်ဒရစ် နည်းပြ ဇီဒန်း ရုတ်တရက် ရာထူးက နှုတ်ထွက် သွားလို့ ကမ္ဘာ တစ်ဝန်းလုံးက ဘောလုံး ပရိသတ် တွေ အံ့အား သင့်ခဲ့ကြပါတယ်။ ဆက်တိုက်ပဲ ကမ္ဘာ့ဖလားပွဲ အတွင်း မှာပဲ စူပါစတား ရော် နယ်လ်ဒို ကပါ ဂျူဗင်တပ်စ် ကို ပြောင်းသွားခဲ့ပြန်ပါတယ်။

ရီးယဲယ် ကတော့ ၃၃ နှစ် အရွယ် ရှိတဲ့ ကစားသမား တစ်ယောက်အတွက် နောက်ထပ် ငွေတွေ ပုံအောပြီး စာချုပ်သစ် မချုပ် တော့ဘဲ ဂျူဗင်တပ်စ်ကို ပေါင်းသန်း ၁၀ဝနဲ့ ရောင်းချပြီး ရော်နယ်လ်ဒိုနဲ့ ဇာတ်လမ်းတွေကို အဆုံးသတ် လိုက်ပါတယ်။

ဇီဒန်း နေရာမှာ စပိန် လက်ရွေးစင် အသင်းနဲ့ ကမ္ဘာ့ဖလား မကိုင်လိုက်ရတဲ့ နည်းပြ ဟူလန် လိုပက်တယ်ဂွီ ရီးယဲယ်က ခန့်လိုက် ပြီး ရော်နယ်လ်ဒို မပါတဲ့ အသင်းကို စတင် ဖွဲ့စည်းဖို့ ပြင်ဆင်လိုက် ပါတယ်။ ပီးရက်ဇ်ဟာ အစောပိုင်းက ရော်နယ်လ်ဒိုကို မရောင်းချခင် နေမာ၊ အမ်ဘတ်ပေ တို့ တစ်ဦးဦးကို ပြန်ခေါ်ဖို့ ပြင်ဆင် ခဲ့တာပါ။

သူ့ရဲ့ အစီစဉ်တိုင်း သူတို့နှစ်ဦးကို ကြိုးစားခဲ့ ပေမယ့် ငွေမလိုတဲ့ ပီအက်စ်ဂျီက ရောင်းချဖို့ မရှိလို့ ရီးယဲယ် အခက်တွေ့ခဲ့တာပါ။ နောက်ပိုင်းမှာ ရီးယဲယ်ဟာ သူတို့ အတွက် စံချိန် တင်ကြေးတွေ မသုံးဖို့ ဆုံးဖြတ်ခဲ့ပြီး လီယွန်က တိုက်စစ်မှူးဟောင်း ဒီယာ့စ် ကိုသာ ပြန်လည် ခေါခဲ့ပါ တယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဖိအားတွေကိုယ်စီ ရင်ဆိုင်နေရဲ့ ပီရက်ဇ်နဲ့ လိုပက်တယ်ဂွီ

တစ်ချိန်တည်းမှာပဲ စီးရီးအေ ချန်ပီယံ ဂျူဗင်တပ်စ်က ရော်နယ်လ်ဒို အတွက် ပေးချေရတဲ့ လစာ တစ်နှစ် ယူရို သန်း ၃၀ကျော်ကို ပေးဖို့ အသင်းပိုင်ရှင်တွေက နည်းမျိုးစုံနဲ့ ကြိုးစားပြီး ပေးချေခဲ့ပါတယ်။ ရော်နယ်လ်ဒိုရဲ့ ကျော်ကြားမှု ကြောင့် ဂျူဗင်တပ်စ်ရဲ့ ဝင်ငွေတွေ များစွာ တိုးလာခဲ့သလို အသင်းရဲ့ ရှယ်တာ တန်ဖိုးတွေလည်း စံချိန်တင် မြင့်လာခဲ့ပါတယ်။

ကွင်းပြင်ပမှာ ရီးယဲယ်ဟာ စီးပွားရေး အရ နစ်နာမှု မရှိဘဲ ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး အသင်းတွေထဲမှာ ပါဝင်နေသေးပေမယ့် ကွင်းတွင်း ရလဒ်ပိုင်းတွေ မှာတော့ သိသိ သာသာ ပြောင်းလဲ သွားခဲ့ ပါတယ်။

ရာသီ အစပိုင်းတုန်းက ဟူလန် လိုပက်တယ်ဂွီဟာ ရီးယဲယ်ကို ဟန်ချက်ညီညီ ကိုင်တွယ်နိုင်ခဲ့လို့ အားလုံးက ရော်နယ်လ်ဒို ထွက်သွား လည်း အောင်မြင်နိုင်တယ်လို့ ယုံကြည့်နေကြတာပါ။ ပရိသတ်တွေ ကိုယ်တိုင် No Ronaldo No Problem ဆိုပြီးပြောခဲ့ ကြပါတယ်။

ဒါပေမယ့် မထင်မှတ်ဘဲ ဒဏ်ရာ ပြဿနာတွေ ကြုံတွေ့ချိန်၊ တိုက်စစ်ပိုင်းက ရုန်းကန် နေရချိန်တွေမှာ ရော်နယ်လ်ဒိုရဲ့ သွင်းဂိုး တွေက ရီးယဲယ် အတွက် များစွာ တန်ဖိုး ရှိတယ်ဆိုတာ နောက်ဆုံး ကစားခဲ့တဲ့ ၄ ပွဲမှာ တွေ့ခဲ့ပါတယ်။

ရီးယဲယ်ဟာ နောက်ဆုံး ၄ ပွဲ ဆက်တိုက် ဂိုးမသွင်းနိုင်ခဲ့ဘဲ ရုန်းကန်ခဲ့ရ သလို အဲ့ဒီ ၄ ပွဲမှာ ၃ ပွဲအထိ ရှုံးခဲ့ ပါတယ်။ သမိုင်း တစ်လျောက် ၁၉၈၅ ခုနှစ်မှာ ၅ ပွဲ ဆက်တိုက် ဂိုးမသွင်း ခဲ့တဲ့ အရိပ်ဆိုး နောက်ပိုင်း ဒါဟာ ဒုတိယ အကြိမ် အကြီးမားဆုံး ဂိုးပေါက် ပျောက်တာပါ။

ဘန်ဇီမာ၊ ဂါရတ်ဘေးလ်၊ အဆန်စီယို၊ မိုဒရစ်၊ အစ္စကို၊ ခရုစ် တို့လို ကစား သမားတွေ ရှိတဲ့ အသင်းက မိနစ်ပေါင်း ၄၀၉ မိနစ် အထိ ဂိုးမသွင်းနိုင်ချိန်မှာ ရော်နယ်လ်ဒို ကတော့ စီးရီးအေမှာ နိုင်ပွဲ ဆက်နေပါတယ်။ ဂျူဗင်တပ်စ်ဟာ ပြိုင်ပွဲ အရပ်ရပ် ရာသီ အဖွင့် ၁၀ ပွဲစလုံးကို နိုင်ပြီး ကလပ် အသင်းရဲ့ စံချိန် သစ်တစ်ခုကိုပါ တင်လိုက်ပါတယ်။

ရော်နယ်လ်ဒို ကလည်း အဲ့ဒီ ၁၀ ပွဲမှာ ၉ ပွဲ ကစားခဲ့ပြီး ၄ ဂိုး သွင်းနိုင်ခဲ့ သလို ဖန်းတီးမှုလည်း ၄ ကြိမ် အထိ လုပ်ထား ပါတယ်။ ဒီလို ဆန့်ကျင်ဖက် ရလဒ်တွေနဲ့ ဒီနှစ်သင်းရဲ့ အခြေအနေ ကြောင့် ရီးယဲယ် ပရိသတ်တွေက အက်သလက်တီကိုနဲ့ ကစားခဲ့တဲ့ ဒါဘီပွဲမှာ ရော်နယ်လ်ဒိုရဲ့ နာမည်ကိုခေါ်ပြီး တမ်းတ နေကြပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption နောက်ဆုံး ၄ပွဲဆက် ဂိုးမသွင်းနိုင်ဘဲ ရုန်းကန်နေရတဲ့ ရီးယဲယ်

ဒီအပြောင်းအရွှေ့မှာ ရီးယဲယ် အနေနဲ့ အကြီးမားဆုံး ဆုံးရှုံးမှုနဲ့ ရင်ဆိုင် နေရတယ်လို့ စပိန် မီဒီယာတွေက ဖော်ပြနေကြသလို လာလီဂါမှာ ဇယားထိပ်က ဘာစီလိုနာရဲ့ ၃ ပွဲဆက် အမှားတွေကို အခွင့် အရေး မယူနိုင်တဲ့ အပေါ် ပရိသတ်တွေကလည်း စိတ်ပျက် နေကြပါ တယ်။

ဆိုးရွားတဲ့ အခြေအနေတွေမှာ နည်းပြသစ်ကို ထုတ်ပယ် လိုက်ရင် အကြီးမားဆုံး အမှား ဖြစ်လိမ့်မယ်လို့ ရီးယဲယ် အသင်း ခေါင်းဆောင် ရာမို့စ် ကတော့ အသင်းဘုတ် အဖွဲ့နဲ့ ပီရက်ဇ်ကို သတိပေးလိုက်ပါတယ်။

ရာမို့စ်က ဘယ်လိုပဲ ပြောပြော လက်ရှိ ရီးယဲယ်မက်ဒရစ် အသင်းရဲ့ အသင်းပုံရိပ် ဟာ ဇီဒန်း၊ ရော်နယ်လ်ဒို တို့ ရှိတုန်းကထက် အများကြီး ကျသွား ခဲ့သလို ဟူလန် လိုပက်တယ်ဂွီ ကိုလည်း ပီရက်ဇ် တစ်ယောက် ဘယ်လောက် အထိ အချိန်ပေး မလဲကတော့ အားလုံး စိတ်ဝင်စားနေကြပါတယ်။

ရော်နယ်လ်ဒိုရဲ့ လူမှုရေး ပြဿနာ ကြောင့် ဂျူဗင်တပ်စ်ရဲ့ ရှယ်ဟာ အနည်းငယ် ကျခဲ့ ပေမယ့် ရော်နယ်လ်ဒို ရှိတဲ့ ဂျူဗင်တပ်စ် ဟာ စီးရီးအေနဲ့ ချန်ပီယံလိဂ် အကောင်းဆုံး ပုံစံနဲ့ ခြေစွမ်းပြနေပါတယ်။ ရော်နယ်လ်ဒို မပါတော့တဲ့ ရီးယဲယ် ကတော့ လက်ရှိ အနေ အထားတွေကနေ ရုန်းထွက် နိုင်မလား။ ဒါမဟုတ် ဥရောပ ဘောလုံး လောကကို နောက်ဆုံး ၅ နှစ်ကျော် လွှမ်းမိုးထားတဲ့ ရီးယဲယ်ရဲ့ အောင်မြင်မှုတွေ အဆုံးသတ်တော့ မလား စိတ်ဝင်စားစရာ စောင့်ကြည့်ရတော့မှာပါ။

ဓာတ်ပုံ မူပိုင် AFP
Image caption အသင်းရဲ့ ပရိသတ်တွေရဲ့ ဖိအားပေးတာ ခံနေရတဲ့ လိုပက်တက်ဂွီ

ရီးယဲယ်ရဲ့ နောက်ဆုံး ၁၁ပွဲရလဒ်

လာလီဂါ

ရီးယဲယ် ၂-ဝ ဂီတာဖေး (နိုင်)

ဂျီရိုနာ ၁-၄ ရီးယဲယ် (နိုင်)

ရီးယဲယ် ၄-၁ လီဂါနက်စ် (နိုင်)

ဘီလ်ဘာအို ၁-၁ ရီးယဲယ် ( သရေ)

ရီးယဲယ် ၁-ဝ အက်စ်ပန်ညို (နိုင်)

ဆဗီယာ ၃-ဝ ရီးယဲယ် ( ရှုံး)

ရီးယဲယ် ဝ-ဝ အက်သလက်တီကို ( သရေ)

အလာဗတ်စ် ၁-ဝ ရီးယဲယ် ( ရှုံး)

ချန်ပီယံလိဂ်

ရီးယဲယ် ၃-ဝ ရိုးမား (နိုင်)

CSKA မော်စကို ၁-ဝ ရီးယဲယ် ( ရှုံး)

ဥရောပ စူပါဖလား

ရီးယဲယ် ၂-၄ အက်သလက်တီကို (ရှုံး)

စုစုပေါင်း သွင်းဂိုး - ၁၇ဂိုး၊ ပေးဂိုး ၁၂ဂိုး။

ဓာတ်ပုံ မူပိုင် AFP
Image caption ဂျူဗင်တပ်စ်အတွက် ၄ဂိုးသွင်းပြီး ၄ဂိုး ဖန်တီးပေးထားတဲ့ ရော်နယ်လ်ဒို

ဂျူဗင်တပ်စ် နောက်ဆုံး ၁၀ပွဲရလဒ်

စီးရီးအေ

ခီယေဗို ၂-၃ ဂျူဗင်တပ်စ် (နိုင်)

ဂျူဗင်တပ်စ် ၂-ဝ လာဇီယို (နိုင်)

ပါးမား ၁-၂ ဂျူဗင်တပ်စ် (နိုင်)

ဂျူဗင်တပ်စ် ၂-၁ ဆွာဆူလို (နိုင်)

ဖရိုစီနိုနီ ဝ-၂ ဂျူဗင်တပ်စ် (နိုင်)

ဂျူဗင်တပ်စ် ၂-ဝ ဘိုလော့ညာ (နိုင်)

ဂျူဗင်တပ်စ် ၃-၁ နာပိုလီ (နိုင်)

ယူဒီးနီးစ် ဝ-၂ ဂျူဗင်တပ်စ် (နိုင်)

ချန်ပီယံလိဂ်

ဗလန်စီယာ ဝ-၂ ဂျူဗင်တပ်စ် (နိုင်)

ဂျူဗင်တပ်စ် ၃-ဝ ယန်းစ်ဘွိုင်း (နိုင်)

စုစုပေါင်း သွင်းဂိုး-၂၃ဂိုး၊ ပေးဂိုး - ၅ဂိုး။

ဆက်စပ် အကြောင်းအရာများ