ဆွာရက်ဇ်ရဲ့ ဟက်ထရစ်နဲ့ El Clasico ပွဲမှာ ဘာစီလိုနာ ဂိုးပြတ် နိုင်ခဲ့

ဓာတ်ပုံ မူပိုင် AFP
Image caption ၂၀၁၀ နောက်ပိုင်း ရီးယဲယ်ကို ၅ဂိုးသွင်းတဲ့ ဘာစီလိုနာ

စပိန် ထိပ်သီး နှစ်သင်းရဲ့ El Clasico ပွဲမှာတော့ ဘာစီလိုနာက ခြေစွမ်းပြပြီး မဟာပြိုင်ဖက် ရီးယဲယ်ကို ဂိုးပြတ် နိုင်ခဲ့ပါတယ်။ အထူးသဖြင့် မက်ဆီ မပါပေမယ့် ဘာစီလိုနာအသင်းကို ဆွာရက်ဇ် ဦးဆောင်ကစားခဲ့ပြီး ဟက်ထရစ် သွင်းနိုင်တဲ့အထိ ခြေစွမ်း ပြနိုင်ခဲ့တာပါ။ ရီးယဲယ်ကတော့ လိုပက်တယ်ဂီလက်ထက် အဆိုးရွားဆုံး ခြေစွမ်းကို ရင်ဆိုင်နေရပြီး နူးကမ့်မှာ ၂၀၁၅ခုနှစ်နောက်ပိုင်း ပထမဆုံး ရှုံးခဲ့တာလည်း ဖြစ်ပါတယ်။ နည်းပြနှစ်ဉီး အားပြိုင်ပွဲမှာ ဘာစီလိုနာ နည်းပြရဲ့ လူစားလဲမှန်ကန်ခဲ့ပြီး နည်းဗျူဟာအပိုင်းမှာ အကောင်းဆုံး လုပ်နိုင်ခဲ့လို့ နောက်ပိုင်းမှာ လွယ်လွယ်ကူကူနဲ့ ဂိုးပြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ရီးယဲယ်ဖက်က ဒုတိယပိုင်းအစမှာ အကောင်းဆုံး တုန့်ပြန်ကစားခဲ့ပြီး ခံစစ်ပိုင်း ၃ယောက်နဲ့ တိုက်စစ်မြှင့်ခဲ့ပေမယ့် ခံစစ်ပိုင်း အားနည်းမှုတွေက ဂိုးတွေ ဆက်တိုက် ပေးခဲ့ရတာ ဖြစ်ပါတယ်။ ၁၂မိနစ်အတွင်းမှာပဲ မထင်မှတ်ဘဲ ၃ဂိုးအထိ ပေးခဲ့ရလို့ ဘာစီလိုနာ ၅-၁ဂိုးနဲ့ နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာအတွက် ပွဲစပြီး ၁၁မိနစ်မှာ ယော်ဒီ အယ်လ်ဘာပေးတာနေ ကော်တင်ညိုက အဖွင့်ဂိုး သွင်းခဲ့ပါတယ်။ ဆက်တိုက် ဖိကစားထားတဲ့ ဘာစီလိုနာက VAR ကနေ ပင်နယ်တီ ရခဲ့ပါတယ်။ ဆွာရက်ဇ်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့ ဗရန်းကြောင့် ရခဲ့တာ ဖြစ်ပြီး အဲ့ဒီပင်နယ်တီကို ဆွာရက်ဇ်ကပဲ အမှားအယွင် ကန်သွင်းခဲ့တာပါ။

ဓာတ်ပုံ မူပိုင် AFP
Image caption ရီးယဲယ်ဖက်ကို ဟက်ထရစ်သွင်းခဲ့တဲ့ လူး၀စ် ဆွာရက်ဇ်

ဒုတိယပိုင်းမှာ အပြောင်းအလဲတွေလုပ်လာတဲ့ ရီးယဲယ် အတွက် မာဆယ်လိုက ချေပဂိုး တစ်ဂိုးသွင်းခဲ့ပါတယ်။ ကွင်းလယ်ပိုင်း အသာရလာတဲ့ ရီးယဲယ်တိုက်စစ်ကို တားဖို့ ဘာစီလိုနာ နည်းပြ ပြင်ဆင်ခဲ့ပါတယ်။ တောင်ပံ အားနည်းမှုတွေကို အပြောင်းအလဲလုပ်ခဲ့ပြီး ရာဖင်ညာနေရာမှာ ဆယ်မေဒို၊ ကော်တင်ညိုနေရာမှာ ဒမ်ဘီလီကိုထည့်ခဲ့ပါတယ်။ သူ့ရဲ့ လူစားလဲမှန်ကန်ခဲ့ပြီး ဘာစီလိုနာက ၇၅နဲ့ ၈၃မိနစ်တွေမှာ ဆွာရက်ဇ် နှစ်ဂိုးဆက်နဲ့ ၈၇မိနစ်မှာ ဗီဒါးလ်တို့ တစ်ဂိုးထပ်သွင်းလို့ ၅-၁ဂိုးနဲ့ နိုင်ခဲ့ပါတယ်။ ဒါဟာ ဘာစီလိုနာအတွက် ရီးယဲယ်ကို ၂၀၁၀ နောက်ပိုင်း ၅ဂိုးသွင်းနိုင်ခဲ့သလို နူးကမ့်မှာ ကစားတဲ့ နောက်ဆုံး ၅ပွဲမှာ ပထမဆုံးအကြိမ် နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဂိုးပြတ် ရှုံးခဲ့တဲ့ နည်းပြ လိုပယ်တက်ဂီကတော့ ရာထူးကနေ ထုတ်ပယ်ခံရဖို့ များနေပြီ ဖြစ်ပါတယ်။ ရီးယဲယ်နည်းပြရာထူးအတွက် မောရင်ညိုနဲ့ ကွန်တေတို့ ရေပန်းစားနေကြပြီး အပြောင်းအလဲကို မကြာခင်လုပ်ဖွယ် ရှိနေပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption အဆိုးရွားဆုံးနဲ့ ရင်ဆိုင်နေရတဲ့ ရီးယဲယ်

ရီးယဲယ်နည်းပြကတော့ ပွဲစကတည်းက ယုံကြည်မှု ပျောက်ဆုံးခဲ့သလို လာလီဂါ ၁၀ပွဲအပြီးမှာ ၄ပွဲအထိ ရှံးထားလို့ သမိုင်းတစ်လျောက် အဆိုးရွားဆုံး အနေအထားနဲ့ ရင်ဆိုင်နေရပါတယ်။ စပိန်မီဒီယာတွေအဆိုရ လိုပက်တယ်ဂီဟာ မနက်ဖြန်မှာ ရာထူးကနေ ထုတ်ပယ်ခံရဖွယ်ရှိတယ်လို့ ဆိုပါတယ်။

"ဘာစီလိုနာရဲ့ နောက်ဆုံး ၆ပွဲရလဒ်"

ဘာစီလိုနာ ၅-၁ ရီးယဲယ်

ဘာစီလိုနာ ၂-ဝ အင်တာမီလန်

ဘာစီလိုနာ ၄-၂ ဆဗီယာ

ဗလန်စီယာ ၁-၁ ဘာစီလိုနာ

စပါး ၂-၄ ဘာစီလိုနာ

ဘာစီလိုနာ ၁-၁ ဘီလ်ဘာအို

"ရီးယဲယ်မက်ဒရစ်ရဲ့ နောက်ဆုံး ၆ပွဲရလဒ်"

ဘာစီလိုနာ ၅-၁ ရီးယဲယ်

ရီးယဲယ် ၂-၁ ဗစ်တိုးရီးယား ဗလက်ဇန်

ရီးယဲယ် ၁-၂ လီဗန်တေး

အလာဗတ်စ် ၁-ဝ ရီးယဲယ်

CSKA မော်စကို ၁-ဝ ရီးယဲယ်

ရီးယဲယ် ဝ-ဝ အက်သလက်တီကို

ဓာတ်ပုံ မူပိုင် AFP
Image caption လာလီဂါ ၁၀ပွဲ အပြီးမှာ ၁၄မှတ်သာ ရထားတဲ့ ရီးယဲယ်

"El Clasico နောက်ဆုံး ပွဲရလဒ်"

ဘာစီလိုနာ ၅-၁ ရီးယဲယ်

ဘာစီလိုနာ ၂-၂ ရီးယဲယ်

ရီးယဲယ် ဝ-၃ ဘာစီလိုနာ

ရီးယဲယ် ၂-ဝ ဘာစီလိုနာ

ဘာစီလိုနာ ၁-၃ ရီးယဲယ်

ရီးယဲယ် ၂-၃ ဘာစီလိုနာ

ဆက်စပ် အကြောင်းအရာများ